Pages

Wednesday, December 4, 2013

ကိုယ်ကျင့်တရားကို အခြေခံ သည်းခံခြင်းတရားကို လက်ကိုင်ထား


ကိုယ်ကျင့်တရားကို အခြေခံ သည်းခံခြင်းတရားကို လက်ကိုင်ထား

ယနေ့ခေတ် လူတို့သည် ကိုယ်ကျင့် သိက္ခာကို အမှန်တကယ် ဆောက်တည် ကြသူများ ရှိသကဲ့သို့ ကိုယ်ကျင့် သိက္ခာကို ကိုယ်ကျိုး အတွက် ကျင့်သုံး သူများလည်း ရှိကြသည်။ လူအများ၏ ရှေ့မှောက်တွင် ကောင်းကောင်း မွန်မွန် အကျင့်သိက္ခာ ရှိရှိ နေထိုင် ပြကြ သော်လည်း နောက်ကွယ်တွင် နေချင်သလို နေကြသော ဟန်ဆောင် သူများလည်း ရှိကြ ပေသည်။

တကယ်တမ်း တွင် မြင့်မားသည့် ကိုယ်ကျင့် တရားကို ထိန်းသိမ်း ရန်မှာ အပြောလွယ် သလောက် အလုပ်ရ ခက်သော အကျင့် ဖြစ်သည်။ ထို့ကြောင့် ကိုယ်ကျင့် တရား ချို့ယွင်းမှုမှ ဖြစ်ပေါ် လာသည့် ဖောက်ပြန်သည့် သဘောရှိသော လက်စားချေခြင်း ၊ ဆိုးဆိုးရွားရွား ပြုမူ ပြောဆိုခြင်း ၊ ဒေါသထွက်ခြင်း ၊ အခြား သူတို့ကို ထိခိုက်စေခြင်း ၊ မစဉ်းစား မဆင်ခြင်ဘဲ ပြုလုပ် တတ်ခြင်း ၊ ရန်လိုခြင်း အပြုအမူ တို့ကို အလွယ်တကူ ဖြစ်ပွား တတ်သည်။

ယနေ့ မြင်တွေ့ နေရသည့် ခါးသီးဖွယ် အပြုအမူ များမှာ ကိုယ်ကျင့် တရားကို ခိုင်မာစွာ မဆောက်တည် နိုင်ခြင်းမှ ပေါ်ထွက် လာသော ဆိုးကျိုးများ ဖြစ်သည်။ ကိုယ်ကျင့် တရား အခြေခံ ဖြစ်သည့်
ရိုးဖြောင့်စွာ ပြုမူ နေထိုင် ဆောင်ရွက်မှ သာ အမြင့်မားဆုံး ဖောက်ပြန်မှု များနှင့် ကင်းဝေးမည် ဖြစ်သည်။

ကိုယ်ကျင့်တရား နှင့်အညီ ပြောဆိုပြုမူ ထိန်းသိမ်း နေနိုင်မှသာ ကိုယ်ကျင့်တရား ကောင်းသော လူပီသမည် ဖြစ်သည်။ ကလဲ့စား မချေတတ်ဘဲ ခွင့်လွှတ်တတ်သူ ၊ ရန်ကိုရန်ချင်း မတုံ့နှင်းဘဲ နောက်ဆုတ် ပေးတတ်သူ ၊ တစ်ဖက်သား၏ ရိုင်းစိုင်း ကြမ်းတမ်းမှုကို သည်းခံ နိုင်စွမ်းရှိသူ သည် အကြောက်တရား ကြီးသူ ၊ အားနည်သူ မဟုတ်ပေ။ ကိုယ့်ကျင့်တရား ကောင်းသူ၏ စိတ်ထား ကြီးမြတ်မှု တစ်ခုပင် ဖြစ်သည်။

သူတော်ကောင်း အလုပ် ၊ မြင့်မြတ်သူတို့ အလုပ်မှာ မည်သည့် လှုံ့ဆော်မှု ၊ မည်သည့် တွန်းအား ပေးမှုရှိ သည်ဖြစ်စေ မတုန်လှုပ်ဘဲ ဖြောင့်မတ်စွာ ၊ သိက္ခာရှိစွာ ၊ ကြင်နာစွာ ၊ မေတ္တာနှင့် ယှဉ်၍ သိမ်မွေ့ စွာသည်းခံ ခွင့်လွှတ်တတ် ပေသည်။ စိန်ခေါ်မှုများ မည်သို့ပင် ရှိနေပါစေ ၊ မည်သို့ပင် မတရား ဆက်ဆံလာ ပါစေ ၊ မည်သို့ပင် ဆိုးဆိုးရွားရွား ပြုမူလာ ပါစေ လက်တုံ့ မပြန်ဘဲ သည်းခံ ခွင့်လွှတ်တတ် ပေသည်။

ထို့ကြောင့် လက်စားချေ လိုစိတ်မှာ ပုထုဇဉ် လူသားများ အဖို့ ဆွဲဆောင်မှု ကောင်းလှ သော်လည်း ထို စိတ်ထားများ နောက်သို့ လိုက်ပါ မသွားမိ စေရန် အလွန် အရေးကြီး လှပေသည်။

သို့ဖြစ်ရာ လူသားတိုင်း သည် ကိုယ်ကျင့်တရား ကို အခြေခံသည့် အမြင့်မားဆုံး အကျင့်များကို အမြဲတမ်း ထိန်းသိမ်း နိုင်ရန်အတွက် သည်းခံခြင်း တရား ၊ မေတ္တာတရား လက်ကိုင်ထား ကာ ကျင့်ကြံပွားများ အားထုတ် ကြခြင်းဖြင့် ရန်လည်းငြိမ်း ၊ စိတ်လည်း အေးချမ်း သာယာမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရ ပေသည်။

( ၄-၁၂-၂၀၁၃ ရက် ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )

No comments:

Post a Comment