Pages

Saturday, December 28, 2013

ရေခံမြေခံကောင်း ကို အကျိုးရှိရှိ အသုံးချ


ရေခံမြေခံကောင်း ကို အကျိုးရှိရှိ အသုံးချ

အယ်ဒီတာ့အာဘော်
( ၂၈-၁၂-၂၀၁၃ )

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရသည် လယ်ယာကဏ္ဍ ကို ပိုမိုဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်၍ စက်မှုနိုင်ငံ တည်ထောင်ရေး ကြိုးပမ်း ဖော်ဆောင်လျက် ရှိသည်။ လယ်ယာ ကဏ္ဍကို အဓိက အားထား နေကြရသည့် ကျေးလက်နေ ပြည်သူများ အတွက် လယ်ယာကဏ္ဍ တိုးတက်မှသာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် နိုင်မည် ဖြစ်သည့်အတွက် လက်ရှိ အခြေအနေ တွင် လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်အောင် အလေးထား ဆောင်ရွက် ရမည် ဖြစ်သည်။

နိုင်ငံတော် သမ္မတ ၏ လမ်းညွှန်ချက် ဖြင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာရေး နှစ်အတွင်း လယ်ယာမြေ ဖော်ထုတ်ခြင်း အပါအ၀င် လမ်းပန်း ဆက်သွယ်ရေး ၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက် နိုင်ရန် စက်ယန္တရား များကို ပြည်ထောင်စု အစိုးရက ပံ့ပိုးကူညီ ပေးသွားမည် ဖြစ်သည်။ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရေ ဒသတစ်ခုလျှင် မြေတူးစက် တစ်စီး ၊ မြေထိုးစက် တစ်စီး ၊ လမ်းကြိတ်စက် တစ်စီး နှင့် မြေသယ်ယာဉ် သုံးစီးနှုန်း စီဖြင့် ပံ့ပိုး ကူညီပေးရန် အမျိုးသား စီမံကိန်း နှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီးဌာန ၊ ဗဟို စက်ပစ္စည်း စာရင်းအင်း နှင့် စစ်ဆေးရေး ဦးစီးဌာနက ပြည်တွင်း ကုမ္ပဏီများဖြင့် စာချုပ်ချုပ်ဆို ဝယ်ယူခဲ့သည်။ ဝယ်ယူခဲ့သည့် စက်ယန္တရားများ အနက် မြန်မာကိုင်ဒို ကုမ္ပဏီ လီမိတက် အုပ်စုမှ ရောက်ရှိ အပ်နှံသော မြေတူးစက် ခြောက်စီးကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ အသီးသီးသို့ ဒီဇင်ဘာ ၁၇ ရက်တွင် လွှဲပြောင်း ပေးခဲ့ပြီး ဖြစ်သည်။ ကျန်ရှိသော စက်ယန္တရားများ ရောက်ရှိ လာပါက အဆိုပါ ဒေသများသို့ ပွင့်လင်းရာသီ အမီ အမြန်ဆုံး လွှဲပြောင်း ပေးအပ် သွားမည် ဖြစ်သည်။

နိုင်ငံတော် လူဦးရေ ၏ ၇၀ ရာခိုင်နှုန်း သည် စိုက်ပျိုးရေး နှင့် ဆက်နွယ်သော လုပ်ငန်းများဖြင့် အသက်မွေး ၀မ်းကျောင်း နေကြသည်။ စားနပ် ရိက္ခာ ပိုမို စိုက်ပျိုး ထုတ်လုပ်နိုင်ရန် နေပြည်တော် ရှိ သိပ္ပံ နည်းကျ စိုက်နည်း စနစ်ဖြင့် စိုက်ပျိုး ထားသော စံပြ စိုက်ကွင်းများ နှင့် သုတေသန လုပ်ငန်းများအား တိုင်းဒေသကြီး များမှ အစိုးရ အဖွဲ့ဝင်များ ၊ ငြိမ်းချမ်းရေး အဖွဲ့ဝင်များမှ ပုဂ္ဂိုလ်များ လာရောက် လေ့လာ ကြည့်ရှု ကြပြီး ဖြစ်သည်။ မိမိတို့ သက်ဆိုင်ရာ ဒေသများ အလိုက် စက်ယန္တရား များ အသုံးပြုကာ စိုက်ပျိုးရေး ကဏ္ဍပိုမို ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက် ကြရာတွင် နေပြည်တော် စံပြ စိုက်ကွင်းများကို နမူနာယူ စိုက်ပျိုး ကြရမည် ဖြစ်သည်။

ကမ္ဘာ့နိုင်ငံ များမှ အစ္စရေးနိုင်ငံ ၏ သဘာဝ အသွင်အပြင် သည် စိုက်ပျိုးရေး ဖြစ်ထွန်း နိုင်သည့် အနေအထား မရှိသော်လည်း စိုက်ပျိုးရေး လုပ်ငန်းမှာ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုး တိုးတက်လာ ခဲ့သည်။ စိုက်ပျိုးရေး လုပ်ငန်းမှ လတ်ဆတ်သောသီးနှံများ စိုက်ပျိုး ထုတ်လုပ်ကာ ကမ္ဘာ့ နိုင်ငံများသို့ တင်ပို့ နိုင်သည့် အပြင် စိုက်ပျိုးနည်း ပညာကိုပါ ဖြန့်ဖြူး ပေးသော နိုင်ငံအဖြစ် ရပ်တည်လျက် ရှိသည်။ နိုင်ငံ ၏ ဧရိယာ တစ်ဝက် မှာ သဲကန္တာရ ဖြစ်သဖြင့် ရာသီဥတု ဆိုးရွားပြီး စိုက်ပျိုးရေ ရရှိနိုင်သည့် ရေအရင်းအမြစ် ရှားပါးခြင်း ကြောင့် နိုင်ငံ ဧရိယာ၏ ၂ဝ ရာခိုင်နှုန်း သာလျှင် စိုက်ပျိုးရေး ဖြစ်ထွန်း နိုင်သည်။ တစ်နှစ်ပတ်လုံး မိုးရွာသွန်းမှု မှာ မြောက်ပိုင်းတွင် ၂၈ လက်မ နှင့် တောင်ပိုင်းတွင် ၂ လက်မသာ ရရှိသည်။ အစ္စရေး နိုင်ငံရှိ လုပ်သား အားလုံးအနက် စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင် နေသူ ၃ ဒသမ ၇ ရာခိုင်နှုန်းသာ ရှိသော်လည်း ပြည်တွင်း ရိက္ခာ လိုအပ်မှု ပမာဏ၏ ၉၅ ရာခိုင်နှုန်း ဖြည့်ဆည်း ပေးလျက် ရှိသည်။

၂ဝဝ၆ ခုနှစ် စာရင်းများ အရ အစ္စရေး နိုင်ငံ၏ စိုက်ပျိုးရေး ထွက်ကုန်များမှ စားသုံးသီးနှံ ၃၃ ရာခိုင်နှုန်း ၊ ပန်းမျိုးစုံ ၂၇ ရာခိုင်နှုန်း ၊ သစ်သီးဝလံ ၁၅ ရာခိုင်နှုန်း ၊ ရှောက်နှင့် လိမ္မော် ၉ ရာခိုင်နှုန်း ၊ အခြား သီးနှံ ၁၆ ရာခိုင်နှုန်း တို့ကို ပြည်ပသို့ တင်ပို့ နိုင်ခဲ့ကြောင်း သိရသည်။ အစ္စရေး နိုင်ငံမှ နို့စားနွား တစ်ကောင်သည် တစ်နှစ်လျှင် ပျမ်းမျှနို့ရည် လီတာ ၁၀၀၀၀ ၀န်းကျင် ထုတ်လုပ် နိုင်သဖြင့် ကမ္ဘာ့ နို့ထွက် အများဆုံး စံချိန်ဖြစ်သည်။

သို့ဖြစ်၍ သင့်တင့်သော လူဦးရေ မျှတသော ရာသီဥတု နှင့် စိုက်ပျိုးရေး အတွက် ရေခံ မြေခံ ကောင်းသော မြန်မာပြည် ၌ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး သည် တကယ်လုပ်လျှင် အဟုတ် ဖြစ်နိုင်ခြေ များစွာ ရှိကြောင်း တွေ့ရ ပေသည်။ ။

No comments:

Post a Comment