Pages

Friday, December 13, 2013

အမှန်တရား နှင့် အတူ


အမှန်တရား နှင့် အတူ

လူတို့သည် အမှန်တရားကို မြတ်နိုး ကြ၏။ လုပ်ကိုင် ဆောင်ရွက်မှု မှန်သမျှကို အမှန်တရား ဖြစ်ရန် လုပ်ကိုင် ပြောဆိုနိုင်ရန် ကြိုးစားကြ၏။ သို့သော် တစ်ခါတစ်ရံ အမှန်ဟု ထင်ရသော အရာသည် အမှား ဖြစ်နေ တတ်သည်။ အမှားဟု ထင်ရသော အရာသည် မှန်နေ တတ်သည်။

ထို့ကြောင့် အမှန်တရား မြတ်နိုးသူတိုင်း စစ်မှန်သော အမှန်တရားကို လက်ခံ ကျင့်သုံးနိုင်ရန် အရေးကြီးသည်ကို သတိပြု ရမည်ဖြစ်သည်။ ဘယ်အရာသည် အမှန် ၊ ဘယ်အရာသည် အမှားဟု ကွဲကွဲပြားပြား သိရန်မှာ တိမ်မယောင် နှင့်နက် ၊ လွယ်မယောင် နှင့်ခက်၏။

လောက၌ တူညီသော အမှန်တရား ရှိသကဲ့သို့ မတူညီသော အမှန်တရား များလည်းရှိ၏။ တူညီသော အမှန်တရား ဟူသည်မှာ အကြောင်းအရာ တစ်ခု အပေါ်တွင် အမှန်တရား လက်ခံမှု တူညီခြင်း ကို ဆိုလိုသည်။ မတူညီသော အမှန်တရားမှာ အကြောင်းအရာ တစ်ခုခု အပေါ် သဘောထား အမြင် ယူဆချက်များ ကွဲလွဲ နေသည့် အလျောက် အမှန်တရား မှာလည်း မတူညီ ကွဲပြားရသည်။ ထို မတူညီသော အမှန်တရား တွင် အမှားများ ရှိနေတတ်၍ ဓမ္မဓိဋ္ဌာန် ကျကျ စဉ်းစား ဖယ်ထုတ်ပါမှ အမှန်တရားကို တွေ့ရပေမည်။

စစ်မှန်သော အမှန်တရားကို ရှာဖွေခြင်းတွင် အတ္တ ၊ မာနများ ဖယ်ခွာလျက် အရှိကို အရှိအတိုင်း ၊ အမြင်ကို အမြင်အတိုင်း ယထာဘူတ ကျကျ ဘက်စုံထောင့်စုံ စဉ်းစား မြော်မြင်မှု ရှိရန်လိုသည်။ ထိုသို့ ရှာဖွေ တွေ့ရှိသော အမှန်တရား သည် မိမိအကျိုး စီးပွားကို သာမက အများ၏ တိုးတက် ကြီးပွားခြင်း ကိုလည်း ဆောင်ကြဉ်း နိုင်သည်။

သို့သော် လူအများစု သည် အမြင် တစ်ဖက်တည်း ကိုသာ ကြည့်ကြ သည်သာ များ၏။ အမြင် တစ်ဖက်ကိုသာ ကြည့်၍ အတ္တ ၊ မာန မကင်းသောကြောင့် အမှန်ကို မမြင်တွေ့ နိုင်ခြင်းဖြစ်သည်။ အမှန် တရားကို ရှာဖွေရာ၌ ဘက်စုံ ထောင့်စုံမှ အမြင်နှင့် ကြည့်ပါမှ တွေ့နိုင်မည် ဖြစ်သည်။

ငြိမ်းချမ်းရေး သည် နိုင်ငံ ၊ လူမျိုး ၊ လူ့ဘောင် အတွက် အကျိုးများ၏။ အရေးကြီး၏။ ထိုအမှန် တရားကို လူတိုင်း လက်ခံကြ၏။ သို့သော် ထို အမှန်တရားကို ရယူရန် အတွက် စစ်မှန်သော ငြိမ်းချမ်းရေး ကို တည်ဆောက်ရာ၌ ဘက်စုံထောင့်စုံမှမကြည့်၍ အတ္တ ၊ မာန ဖယ်ခွာကာ ရှာဖွေမှု မပြု၍ ကမ္ဘာကြီး၏ အချို့ နေရာတို့၌ ငြိမ်းချမ်းမှု ကင်းမဲ့လျက် ရှိနေသည်။

သို့ဖြစ်ရာ အမှန်တရား ကို မြတ်နိုးသည့် လူသားတို့ အနေဖြင့် အမှန်တရားကို လက်ဝယ် ပိုင်ပိုင် ရရှိ၍ ကျင့်သုံး နိုင်ရန်မှာ ဘက်စုံထောင့်စုံမှ ရှုမြင် အတ္တ ၊ မာနကို ဖယ်ခွာ၍ ဆင်ခြင် သုံးသပ်ရမည် ဖြစ်ပြီး အမှန်တရား ကို သိမြင် ကျင့်သုံး၍ လူ့ဘောင် လောက၏ အကျိုးကို စွမ်းဆောင် သွားကြရမည် ဖြစ်ကြောင်း ရေးသား လိုက်ရပေသည်။

(၁၃-၁၂-၂၀၁၃ ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )

No comments:

Post a Comment