Pages

Wednesday, December 11, 2013

မြတ်ဆရာ ပူဇော်ပွဲ


မြတ်ဆရာ ပူဇော်ပွဲ

လောက၌ အတတ်ပညာ နှင့်တူသော ဥစ္စာမရှိ ၊ အတတ်ပညာကို ခိုးသူတို့ မခိုးယူနိုင် ၊ အတတ်ပညာ သည် မိတ်ဆွေကောင်း ဖြစ်၍ ချမ်းသာမှု ကိုလည်း ပေးဆောင် နိုင်သည်။ နေနှင့် နီးခြင်း ဝေးခြင်းသည် နေ့နှင့်ညကို ဖြစ်စေသည်။ ပညာရှိခြင်း ၊ မရှိခြင်းသည် ဘဝ၏ အလင်းအမှောင် ကို ဖြစ်စေသည်။ လူ့ဘဝတွင် အောင်မြင်မှု အတွက် ပညာသည် အရေးပါ၏။ နိုင်ငံ တစ်နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှု ၏ သော့ချက်သည် ပညာဖြစ်၏။

ထိုသို့ အရေးကြီး သည့် ပညာကို သင်ကြား ပြသပေး သူတို့မှာ ဆရာများ ဖြစ်ကြသည်။ ဆရာဟူသော စကားသည် ဆာရာ - အရိပ်မှ လာသည်ဟု ဆိုသည်။ လောက၌ သစ်ပင်၏ အရိပ်သည်ချမ်းသာ၏။ ထိုထက် ဆွေမျိုးမိဘ တို့၏ အရိပ်သည် ပို၍ ချမ်းသာ၏။ ထိုထက် မြတ်ဆရာ တို့၏ အရိပ်သည် ပို၍ ချမ်းသာ၏။

ဆရာသည် အနန္တဂိုဏ်းဝင် ကျေးဇူးရှင်များ ဖြစ်၏။ ထို့ပြင် ပညာဒါန ပြုသူ ကုသိုလ်ရှင် များလည်း ဖြစ်၏။ လောကကို အလင်းဆောင် ပေးသူလည်း ဖြစ်၏။ ထိုမြတ်ဆရာ တို့၏ ဂုဏ်နှင့် ကျေးဇူးမှာ နှိုင်းဆ၍ မရပေ။ လူတို့ဘဝ ဖြတ်သန်းရာ ဖြစ်စဉ် တစ်လျှောက် လေ့လာ ကြည့်လျှင် လူတိုင်း ကျေးဇူး တရားနှင့် မကင်းကြ ၊ အမိ ၊ အဖတို့၏ ကျေးဇူးတရား ၊ ဆရာ ၊ ဆရာမတို့၏ ကျေးဇူးတရား ၊ ဆွေမျိုး မိတ်သင်္ဂဟ တို့၏ ကျေးဇူးတရား များကို တွေ့ကြုံ ခံစားခဲ့ကြ ရသည်သာ။

ထိုသို့ တွေ့ကြုံ ခံစားခဲ့ရသည့် ကျေးဇူးတရားကို သိတတ် ၊ ခံစားတတ် ၊ ပေးဆပ်တတ် သောသူများ မှာ မြန်မာ နိုင်ငံသားများ ဖြစ်သည်ကို မည်သူမျှ ငြင်းနိုင်မည် မဟုတ်ပေ။ မြန်မာတို့၏ လူမှု အသိုင်းအဝန်း သည် မိသားစု စိတ်ဓာတ် ရှင်သန် ကိန်းအောင်း နေသည်။ တစ်ဦးအပေါ် တစ်ဦး နားလည် ခွင့်လွှတ်ခြင်း ၊ သည်းခံခြင်း ၊ အနစ်နာခံခြင်း ၊ ကူညီရိုင်းပင်းခြင်း ဟူသော မေတ္တာဓာတ်များ ထုံမွမ်းလျက် ရှိနေသည်။

ထိုသို့ ကျေးဇူး သိတတ်သော ပညာကို တန်ဖိုးထား တတ်သော မေတ္တာနှင့် ယှဉ်သော စိတ်ဓာတ်တို့ ကိန်းအောင်း ရှင်သန်နေမှု များကို ဂါရဝတရား နှင့် အချင်းချင်း ဆက်ဆံလျက် ရှိနေမှုများကို အာစရိယ ပူဇော် ကန်တော့ပွဲ များနှင့် ကျောင်းသား ၊ ကျောင်းသူဟောင်း များတွေ့ဆုံပွဲ များတွင် ထင်ထင်ရှားရှား တွေ့မြင်နေ ရသည်။ ထို ပညာကျေးဇူး ၊ ဆရာ့ကျေးဇူး တို့ကို နှလုံးသွင်းလျက် ပညာ ရှာမှီး၍ နိုင်ငံ့ ကျေးဇူး ၊ မိဘ ၊ ဆရာကျေးဇူး ဆပ်ကြသည့် အစဉ်အလာကို အစဉ်အဆက် ကျင့်သုံး သွားမည် ဆိုပါက ပညာရည် ပြည့်ဝသော လူကောင်း လူတော်တို့ဖြင့် နောင်တစ်ခေတ် သည် နေချင့်စဖွယ် သာယာ ဝပြော နေမည် ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာတို့၏ နူးညံ့ သိမ်မွေ့သည့် ကျေးဇူးတရား ၊ မေတ္တာတရား ၊ ဂါရဝတရား တို့ ထုံမွမ်း နေသည့် စိတ်ယဉ်ကျေးမှု တစ်ခုဖြစ်သော အာစရိယ ပူဇော်ပွဲများ ရှင်သန်နေမှုကို ဂုဏ်ယူစိတ် နှင့်အတူ ထာဝရရှင် သန်နေစေရန် ကြိုးစား သွားရမည် ဖြစ်ကြောင်း ရေးသားလိုက် ရပေသည်။

( ၁၁-၁၂-၂၀၁၃ ရက် ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )

No comments:

Post a Comment