Pages

Wednesday, December 11, 2013

စိမ်းလန်း ကြည်လင် ချစ်စိတ်ရွှင် ဆောင်ပုဒ် လိုက်နာစောင့်ထိန်း


စိမ်းလန်း ကြည်လင် ချစ်စိတ်ရွှင် ဆောင်ပုဒ် လိုက်နာစောင့်ထိန်း

အယ်ဒီတာ့အာဘော်
( ၁၁-၁၂-၂၀၁၃ )

မြန်မာနိုင်ငံ က အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲကြီး ကို ဒီဇင်ဘာ ၁၁ ရက်မှ ၂၂ ရက်အထိ နေပြည်တော် ၊ ရန်ကုန် ၊ မန္တလေး နှင့် ပုသိမ် (ချောင်းသာ)တို့တွင် ကျင်းပမည် ဖြစ်ရာ ယနေ့ အားကစား ဖွင့်ပွဲ အခမ်းအနား ကို နေပြည်တော် ၌ ကျင်းပ နေပြီ ဖြစ်သည်။

အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲများ ကို ၁၉၆၁ ခုနှစ်တွင် တစ်ကြိမ် ၊ ၁၉၆၉ ခုနှစ် တွင် တစ်ကြိမ် မြန်မာ နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့ပြီး ယခု ကျင်းပမည့် (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲကို တတိယ အကြိမ် အဖြစ် နှစ်ပေါင်း ၄၄ နှစ်ကြာမှ တစ်ကြိမ် ပြန်လည် ကျင်းပခွင့် ရရှိခြင်း ဖြစ်ရာ မြန်မာပြည်သူ တို့အဖို့ ဂုဏ်ယူ ဝမ်းမြောက်ဖွယ် ဖြစ်သည်။ ဖွင့်ပွဲ မတိုင်မီ ကြိုတင် ကျင်းပ ခဲ့သော အားကစားပွဲ များအား ဒီဇင်ဘာ ၄ ရက်မှ စ၍ ရုပ်မြင်သံကြား အစီအစဉ် များက ထုတ်လွှင့် ပြသလျက် ရှိသကဲ့သို့ စာနယ်ဇင်း များကလည်း ဖော်ပြ ပေးနေကြ သဖြင့် မြန်မာ ပြည်သူများ နေ့စဉ် ကြည့်ရှု အားပေး မြင်တွေ့ နေကြရပြီ ဖြစ်သည်။ မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင် ကြသော အားကစား သမားများ ကလည်း အားကြိုး မာန်တက် ယှဉ်ပြိုင် ကြသဖြင့် အားကစား နည်းအလိုက် ရွှေတံဆိပ် ၊ ငွေတံဆိပ် နှင့် ကြေးတံဆိပ် များ အသီးသီး ဆွတ်ခူးကာ နိုင်ငံဂုဏ် ဆောင်လျက် နိုင်ငံတော် အလံကို မြှင့်တင်ပေး နေကြသည်။ ဤသို့ အားကစား အောင်မြင်မှုဖြင့် မိမိ နိုင်ငံတော်၏ အလံကို  မြှင့်တင် ပေးနိုင်ခြင်း သည် လွတ်လပ်သော နိုင်ငံတော် နှင့် လွတ်လပ်သော နိုင်ငံသား တို့၏ ထူးမြတ်သော ဂုဏ်ပုဒ် ဖြစ်သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေး မရမီ ၁၉၃၆ ခုနှစ်က ဂျာမနီနိုင်ငံ ဘာလင်မြို့ ၌ ကမ္ဘာ့ အိုလံပစ် ပွဲတော် ကျင်းပခဲ့ ရာ နိုင်ငံပေါင်း ၅ဝ ကျော်မှ ပြိုင်ပွဲဝင် အားကစား သမား ၃၅ဝဝ ကျော် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ ကြသည်။ မြန်မာနိုင်ငံ မှ အလေးမြ ပိုင်ပွဲဝင်ရန် ဦးဇော်ဝိတ် သွားရောက် ခဲ့သည်။ အားကစား ဖွင့်ပွဲတွင် အိန္ဒိယ ကိုယ်စားပြု အားကစား အဖွဲ့ဝင် အဖြစ် လိုက်ပါ ရသောကြောင့် ပန်ချာပီ ဗောင်းထုပ် ကိုသာ ဝတ်ဆင် ခဲ့ရပြီး မြန်မာပြည်မှ ယူလာသော ဒေါင်းအလံ မှာလည်း လွှင့်ထူခွင့် မရခဲ့ပေ။  ၁၉၃၆ ခုနှစ် သြဂုတ် ၂ ရက်တွင် မစ်ဒယ်ဝိတ်တန်း အလေးမ ပြိုင်ပွဲ ကျင်းပခဲ့ရာ ဦးဇော်ဝိတ် ၏ စံချိန်မြင့် အလေးမဟန် ကို ထိုအချိန်က ဂျာမနီနိုင်ငံ ၏ အဓိပတိ ဟစ်တလာ ကိုယ်တိုင် အံ့သြသွားပြီး လက်ခုပ် သြဘာပေး အသိအမှတ် ပြုခဲ့ကြောင်း ဦးဇော်ဝိတ် နှင့် အတူ လိုက်ပါ သွားသည့် ကာယဗလ ဦးရှိန်က မှတ်တမ်းပြု ထားသည်။ အမေရိကန် နိုင်ငံ ထုတ် ကျန်းမာ သန်စွမ်းရေး မဂ္ဂဇင်းက လည်း ကမ္ဘာ့ အိုလံပစ်တွင် အမြန်မ၌ အကောင်းဆုံး မပြ သွားနိုင် သူကား ဇော်ဝိတ် ဖြစ်ပြီး မကြာမီသော ကာလ တွင် ကျွန်ုပ်တို့ အလေးမ သမားများ ကိုပင် ကျော်ဖြတ် သွားပေ လိမ့်မည်ဟု ဖော်ပြခဲ့ကြောင်း လည်း တွေ့ရသည်။

ဘာလင်မြို့ နှင့် ၉ မိုင်ဝေးသော ဒိုဘရစ် အိုလံပစ်ရွာ သို့ ဂျာမနီ နှင့် အမေရိကန် နိုင်ငံတို့မှ သတင်းသမား များ လာရောက်၍ တွေ့ဆုံ မေးမြန်း ကြပြီး '' အရှေ့တောင် အာရှ မှ မိမိနိုင်ငံ နှင့် လူမျိုးအကြောင်း ကမ္ဘာသို့ ပြရန် လာရောက် ယှဉ်ပြိုင် ကြသည့် ဗမာနှစ်ဦး ''ဆိုသော ခေါင်းစဉ်ဖြင့် ဦးရှိန် နှင့် ဦးဇော်ဝိတ် တို့အကြောင်း သတင်းစာများ က ဖော်ပြခဲ့ ကြသည်။

ယခု ကျင်းပသည့် (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲကြီး သို့ အာဆီယံ အသင်းဝင် ၁ဝ နိုင်ငံနှင့် အတူ တီမောလက်စ်တေ နိုင်ငံတို့မှ ကိုယ်စားပြု အားကစား သမားများ ဝင်ရောက် ယှဉ်ပြိုင် ကြမည် ဖြစ်သည်။ အားကစားနည်း ၃၃ မျိုး ပြိုင်ပွဲများ ကျင်းပမည့် နေရာများတွင် ပြည်တွင်း ပြည်ပမှ မီဒီယာများ လာရောက် သတင်းယူ ကြမည် ဖြစ်သဖြင့် အားကစားပွဲ သတင်းမြင်ကွင်း များသည် အာဆီယံ ဒေသတွင်း သာမက ကမ္ဘာ့ နိုင်ငံအသီးသီး သို့ပါ ပျံ့နှံ့ သွားမည် ဖြစ်သည်။

သို့ဖြစ်၍ (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ ဆောင်ပုဒ် ဖြစ်သော စိမ်းလန်း ကြည်လင် ချစ်စိတ်ရွှင် ( Green , Clean , Friendship ) ဆိုသော အဓိပ္ပာယ် ကို ပြိုင်ပွဲဝင် အားကစား သမားများ နှင့် မြန်မာပြည်သူ အပေါင်းတို့က အိမ်ရှင် ပီသစွာ လိုက်နာ စောင့်ထိန်း ကြပါရန် တိုက်တွန်း နှိုးဆော် လိုက်ရ ပါသည်။   ။

No comments:

Post a Comment