Pages

Thursday, December 5, 2013

စိတ်သဘောထား ပြည့်ဝသူများ ဖြစ်အောင် မွေးမြူ


စိတ်သဘောထား ပြည့်ဝသူများ ဖြစ်အောင် မွေးမြူ

လူဆိုသည်မှာ စိတ်နှင့်ရုပ် ပေါင်းစပ် ထားသည့် အပေါင်းအစု အင်အားတစ်ခု ဖြစ်သော်လည်း အရာရာတွင် စိတ်ကသာ ဦးဆောင် နေပေသည်။ အကြောင်းမူ စိတ်ဆိုသည်မှာ အသိ ဉာဏ်ပညာ နှင့် ဆင်ခြင် သုံးသပ် နိုင်သည့် အစွမ်းသတ္တိ များရှိနေသော ကြောင့် ဖြစ်သည်။

လူတို့သည် ရံဖန်ရံခါတွင် စိတ်လက် ပင်ပန်း နွမ်းနယ်၍ စိတ်မော လူမော ဖြစ်တတ်သည်။ ထိုအခါ မည်သည့် အလုပ်ကိုမျှ လုပ်ကိုင် လိုစိတ်မရှိ ဖြစ်တတ်သည်။ စိတ်ထောင်း ကိုယ်ကြေ ဖြစ်သူများမှာ စိတ်ကို အလိုလိုက် လွန်းသူများ ဖြစ်ကြသည်။ စင်စစ် လူတို့သည် အင်အားချို့တဲ့ လေ့ရှိသည် မဟုတ် ၊ စိတ်ဓာတ် ချို့တဲ့လေ့သာ ရှိကြသည်။

လူတို့သည် ထင်ပေါ် ကျော်ကြားမှုကို မက်၏။ မိမိ၏ အောင်မြင်မှု ၊ ပေါ်လွင်မှု ကိုလည်း ခံစားလို ကြ၏။ ထုတ်ဖော်လို ကြ၏။ စင်စစ် လောကတွင် ထင်ပေါ် ကျော်ကြား လိုခြင်းထက် အရေးပါသော ကိစ္စများစွာ ရှိသည်။ စွမ်းရည် ရှိသူများ အဖို့ ထင်ပေါ်လျှင် စင်တော်က ကောက်မည်သာ ဖြစ်သည်။

လူတို့သည် ခံစား လွယ်သူများ လည်း ဖြစ်သည်။ အထူးသဖြင့် နူးညံ့ ပျော့ပျောင်းသူများ အနေဖြင့် ခံစားလွယ် တတ်ကြသည်။ ထိုသူတို့သည် ပျော်ရွှင်စရာ ၊ ရယ်ရွှင်စရာ တွေ့လျှင်လည်း မျက်ရည်ကျ သည်။ လွမ်းစရာ ၊ဝမ်းနည်းစရာ တွေ့လျှင်လည်း မျက်ရည်ကျ လွယ်သည်။ ၄င်းတို့သည် ပြတ်သားသော ၊ ခိုင်မာသော ဆုံးဖြတ်ချက် ချတတ်သူများ မဟုတ်ကြပေ။ ဇဝေဇဝါ ဟုတ်လိမ့်နိုးနိုး အတွေး ပိုင်ရှင်များသာ ဖြစ်ပေသည်။

အမှန်အားဖြင့် လူ့စိတ်သည် ဂနာမငြိမ် လှုပ်ရှား လွင့်မျော နေတတ်သည်။ စိတ်၏ အလျင်ကို မည်သည့် ကိရိယာဖြင့် တိုင်းတာ၍ ရနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် စိတ် တည်ငြိမ်မှု ရနိုင်မည့် နည်းလမ်းများ ၊ ကျင့်စဉ်များကို အလျဉ်းသင့် သလို ပြုမူ ဆောင်ရွက်နိုင်ခြင်းသည်သာ အဓိက ကျမည်ဖြစ်ပေသည်။

ဆိုလိုသည်မှာ လူသားတိုင်း၏ စိတ်အစု များကို အချိန်အခါ မလပ် ထိန်းညှိ ထိန်းမတ် နိုင်ရမည် ဖြစ်သည်။ ဤသို့ ထိန်းညှိ ထိန်းမတ် နိုင်သူများသည် စိတ်သတ္တိ ပြည့်ဝနေသူ များသာ ဖြစ်သည်။ သည်းခံ ခွင့်လွှတ် နိုင်စွမ်းသော သူများသာ ဖြစ်သည်။

သို့ဖြစ်ရာ လူတိုင်း လူတိုင်းသည် စိတ်သဘောထား ပြည့်ဝ၍ အရာရာတွင် အကောင်းမြင် စိတ်ဖြင့် လိုအပ်ချက် များကို ဖြည့်၍ တွေးသူများ ၊ ဖြည့်စွမ်း ပေးသူများ ဖြစ်စေရန် စိတ်ကို နိုင်အောင် ထိန်း၍ ဘဝ တိုက်ပွဲတွင် အောင်နိုင်သူများ ဖြစ်အောင် ကြိုးစား ကြရမည် ဖြစ်ကြောင်း ရေးသား လိုက်ရပေသည်။

( ၅-၁၂-၂၀၁၃ ရက် ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )


No comments:

Post a Comment