Pages

Thursday, December 19, 2013

ဒုစရိုက်များကင်းသော လူ့ဘောင်လောကကြီး ဖြစ်ဖို့


ဒုစရိုက်များကင်းသော လူ့ဘောင်လောကကြီး ဖြစ်ဖို့

ဤကမ္ဘာ လောကကြီးတွင် ခေတ်မီခြင်း ၊ တိုးတက်ခြင်း ၊ ဖွံ့ဖြိုးခြင်း တို့နှင့်အတူ လူသားတို့၏ ဖောက်လွဲ ဖောက်ပြန် ဖြစ်မှုများလည်း ရောထွေး ဖြစ်ပေါ် လာသည်ကို တွေ့ကြ ရသည်။ ထို့ကြောင့် ဖွံ့ဖြိုးပြီး နိုင်ငံများတွင် ဖြစ်စေ ၊ မဖွံ့ဖြိုး သေးသော နိုင်ငံများတွင် ဖြစ်စေ ကမ္ဘာ့လူသား တို့၏ ဒုက္ခ အဖုံဖုံ ကြုံတွေ့ ကြရသည်။

ဖွံ့ဖြိုးပြီး ဒေသများ၌ အရာရာ ပြည့်စုံ ကောင်းမွန် နေသော်လည်း ရုပ်ဝတ္ထု ပြည့်စုံ ကောင်းမွန် နေရုံမျှဖြင့် ဝန်းကျင် လောကကြီး သာယာလှပမှု အလုံးစုံ မဖြစ်ပေ။ ထို့ကြောင့် ရုပ်ဝတ္ထုများ ပြည့်စုံ ကောင်းမွန်ရုံဖြင့် မပြီးဘဲ စိတ်ဝတ္ထု များပါ ညီညွတ်မျှတ ပြည့်စုံ ကောင်းမွန်မှု လိုအပ် ပေသည်။

ထိုဒုက္ခ အဖုံဖုံ အဖြစ်မျိုးစုံ တို့တွင် ဖွံ့ဖြိုးသော နိုင်ငံကြီး များပင် လူတို့၏ စိတ် အခြေအနေ ကြောင့် ဖြစ်ပေါ် လာရသော အကြမ်းဖက် မှုများ ၊ ရာဇဝတ်မှု များမှာ စိတ်ပိုင်း ဆိုင်ရာ အားနည်း ချက် ၊ ချို့ယွင်းချက် နှင့် လိုအပ်ချက် တို့မှ အစပြု ဖြစ်ပေါ် လာရသည်ဟု ဆိုရမည် ဖြစ်သည်။

အဆိုပါ ဖြစ်ရပ်များ ဖြစ်ပွား ရခြင်း၏ အရင်းခံ အကြောင်းတရား များကို အကြမ်းဖျင်း ကြည့်လျှင် ငွေကြေး ကြွယ်ဝ ချမ်းသာခြင်း နှင့် ဖွံ့ဖြိုးခြင်း မှ ဖြစ်တည် နေသည့် လူကို သေစေနိုင်သော လက်နက်များ အလွယ်တကူ အသုံးပြု နိုင်ခြင်း ၊ ဒုစရိုက်မှု နှင့် စိတ်ပိုင်း ဆိုင်ရာ ချို့တဲ့မှုကို ဖြစ်စေ နိုင်သော မှန်ကန်ပြီး သဘာဝ ကျသည့် လူမှု ဘဝဝန်းကျင် တို့နှင့် ကင်းကွာခြင်း ၊ သဟဇာတ မဖြစ်ခြင်း စသည့် ချို့ယွင်း အားနည်းချက် များကြောင့် ဖြစ်သည်။

မိမိတို့ နိုင်ငံ အနေဖြင့် ဖွံ့ဖြိုးပြီး နိုင်ငံ မဟုတ်သော်လည်း လက်ရှိ အနေအထား တွင် ယခင်နှင့် အတူ စက်ဆုပ်ဖွယ်ရာ ဒုစရိုက်မှုများ အနည်းနှင့် အများ ဖြစ်ပေါ် လာသည်ကို တွေ့ရသည်။ ထိုသို့ ဖြစ်ပေါ် ရခြင်းမှာ နဂိုမူလ ကိုယ်ကျင့်တရား ဖောက်ဖျက်ခြင်း နှင့်လူမှုရေး ၊ စီးပွားရေး ၊ စိတ်ပိုင်း ဆိုင်ရာ ချို့ယွင်းမှုများ ကြောင့် ဖြစ်ပေါ် ရခြင်း ဖြစ်သည်။

တစ်ချိန်က လူတို့သည် လူမှု အသိုက်အမြုံ ၊ လူ့အဖွဲ့အစည်း ဖြင့် စုစုစည်းစည်း နေထိုင်တတ် ကြသည်။ နောက်ပိုင်းတွင် တသီးတခြား နေထိုင် လာကြရာမှ ယဉ်ကျေးမှု ဘဝများနှင့် ကင်းကွာပြီး အချင်းချင်း အပြန်အလှန် ထိန်းကျောင်းမှု နည်းပါး လာခဲ့ကြ ပေသည်။

သို့ဖြစ်ရာ လူသားတိုင်း အနေဖြင့် စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်မှု တို့နှင့် အတူ ဒုစရိုက် ဖြစ်ပေါ် စေသည့် အကြောင်း အချက်များ ရောစပ် ပါဝင်လာ နိုင်သောကြောင့် တစ်ချိန် တစ်ခါက ကဲ့သို့ လူမှု အသိုက်အမြုံ တို့ တစ်စု တစ်စည်းတည်း ချစ်ချစ်ခင်ခင် နေထိုင်ကြမည် ဆိုပါက အေးချမ်း သာယာသည့် လူ့ဘောင် လောကကြီး ဖြစ်လာမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရ ပေသည်။

( ၁၉-၁၂-၂၀၁၃ ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )

No comments:

Post a Comment