Pages

Thursday, December 19, 2013

မဲခေါင်ဒေသဖွံ့ဖြိုးရေး မှ အာရှဖွံ့ဖြိုးရေး သို့


မဲခေါင်ဒေသဖွံ့ဖြိုးရေး မှ အာရှဖွံ့ဖြိုးရေး သို့

အယ်ဒီတာ့အာဘော်

မဲခေါင်ဒေသခွဲ နိုင်ငံများ နှင့် ဂျပန်နိုင်ငံ တို့သည် စတုတ္ထ အကြိမ်မြောက် မဲခေါင် - ဂျပန် ညီလာခံကို ၂ဝ၁၂ ခုနှစ် သြဂုတ်လ နောက်ဆုံး ရက်သတ္တပတ် တွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပ ခဲ့သည်။ ထိုအချိန်က ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ယိုရှီဟီကိုနိုဒ က မဲခေါင်ဒေသ နိုင်ငံများ ဖွံ့ဖြိုး တိုးတက်မှု ကို မြှင့်တင်ရန် ဂျပန်ယန်းငွေ ဘီလီယံ ၆ဝဝ ကို သုံးနှစ် အတွင်း ထောက်ပံ့ သွားရန် ကတိကဝတ် ပြုခဲ့သည်။ ညီလာခံ ကျင်းပ ပြီးနောက် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာတွင် မဲခေါင်ဒေသ တည်ငြိမ်မှု နှင့် ဖွံ့ဖြိုး တိုးတက်မှု မရှိဘဲ အရှေ့အာရှ ဒေသ တည်ငြိမ်မှု မရှိနိုင်ခြင်း ကြောင့် ဂျပန်နိုင်ငံ အနေဖြင့် မဲခေါင်ဒေသ တည်ငြိမ်မှု နှင့် ဖွံ့ဖြိုးမှု အတွက် ပူးပေါင်း ဆောင်ရွက်မှု များ တိုးမြှင့် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ အဆိုပါ ညီလာခံ ၌ မဲခေါင်- ဂျပန် ပူးပေါင်း ဆောင်ရွက်ရေး (၂ဝ၁၂) တိုကျို မဟာဗျူဟာ ကိုလည်း သဘောတူ ဆုံးဖြတ် ခဲ့ကြသည်။

တိုကျို မဟာဗျူဟာ သည် မဲခေါင်ဒေသ ကို အာရှဒေသ တစ်ခုလုံး စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အတွက် မောင်းနှင်အား အဖြစ် အသွင် ပြောင်းလဲရန် ဖြစ်သည်။ မဲခေါင်ဒေသ သည် သဘာဝ သယံဇာတ အရင်းအမြစ် ကြွယ်ဝသည့် ဒေသတစ်ခု ဖြစ်သော်လည်း ဒေသတွင်း နိုင်ငံများ အကြား စီးပွားရေး ကွာဟမှုမှာ အဓိက ပြဿနာ တစ်ရပ် အဖြစ် တည်ရှိ နေကြောင်း ကျွမ်းကျင်သူ များက သုံးသပ် ကြသည်။ မဲခေါင်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဂျပန်နိုင်ငံ က ပူးပေါင်း ဆောင်ရွက်ရန် စိတ်ဝင်စားသော လုပ်ငန်း ၅၇ ခုရှိပြီး ၄င်းလုပ်ငန်းများ အတွက် ရင်းနှီး မြှုပ်နှံမှုမှာ ခန့်မှန်း တန်ဖိုး ဂျပန်ယန်းငွေ ၂၁ ဒသမ ၃ ထရီလီယံ ခန့် ရှိကြောင်း သိရသည်။

မဲခေါင်ဒေသတွင်း မြန်မာနိုင်ငံ နှင့် ဂျပန်နိုင်ငံ တို့ နှစ်နိုင်ငံ ဆွေးနွေးပွဲကို ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်ရုံး ၌ ကျင်းပရာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့် အဖွဲ့ဝင်များ ၊ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် နှင့် တာဝန်ရှိ သူများ တက်ရောက် ခဲ့ကြသည်။ နှစ်နိုင်ငံ ဆွေးနွေးပွဲ တွင် မြန်မာ - ဂျပန် ဆက်ဆံရေး နှင့် ပူးပေါင်း ဆောင်ရွက်ရေး ၊ စီးပွားရေး နှင့် ရင်းနှီး မြှုပ်နှံမှုကဏ္ဍ ၊ သီလဝါ အထူး စီးပွားရေးဇုန် ဖွံ့ဖြိုး တိုးတက်ရေး ၊ ထားဝယ် ရေနက်ဆိပ်ကမ်း နှင့် အထူး စီးပွားရေး စီမံကိန်း အလားအလာများ ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး နှင့် ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းများ အတွက် အခြေခံ လိုအပ်ချက် ဖြစ်သည့် လျှပ်စစ်မီး ရရှိရေး ၊ သန့်ရှင်းသော သောက်သုံးရေ ရရှိရေး ၊ ခရီးသွား လုပ်ငန်းကဏ္ဍ ၊ ပညာရေး နှင့် ကျန်းမာရေး ကဏ္ဍ ၊ ဆက်သွယ်ရေး နှင့် စာတိုက် လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ၊ အာဆီယံ - ဂျပန် ဆက်ဆံရေး ၊ မြန်မာနိုင်ငံ ၏ ငြိမ်းချမ်းရေး နှင့် အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး လုပ်ငန်းစဉ် များတွင် ဂျပန်နိုင်ငံ ပါဝင် ပူးပေါင်း ဆောင်ရွက်ရေး ၊ ဒေသတွင်း နိုင်ငံတကာ ဆက်ဆံရေး ကိစ္စရပ် များကို ဆွေးနွေး ခဲ့ကြသည်။

နှစ်နိုင်ငံ ဆွေးနွေး ပွဲရလဒ်မှာ နှစ်နိုင်ငံ ရင်းနှီး မြှုပ်နှံမှု ဆိုင်ရာ သဘောတူ စာချုပ်နှင့် ကျန်းမာရေး ကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှု သဘောတူ စာချုပ်များ လက်မှတ် ရေးထိုး နိုင်ခဲ့သည်။ ဆွေးနွေးပွဲ အပြီးတွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ၌ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် က ပြောကြား သည်မှာ စီမံကိန်း လေးခု ဖြစ်သော ရန်ကုန် - မန္တလေး ရထားလမ်း အဆင့် မြှင့်တင်ရေး ၊ ရန်ကုန်မြို့တော် ရေပေးဝေမှု ဖွံ့ဖြိုးရေး စီမံကိန်း ၊ သီလဝါ ဆိပ်ကမ်း အခြေခံ အဆောက်အအုံ များ ဖွံ့ဖြိုးရေး စီမံကိန်း ၊ ပဲခူးတိုင်း ဒေသကြီး အနောက်ခြမ်း ဒေသ ဆည်ရေ ပေးမှု ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းများ အတွက် ဂျပန်ယန်း ငွေ ၆၃ ဒသမ ၂ ဘီလီယံ အကူအညီ ပေးမည့် အခြေအနေ နှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်း များတွင် ဂျပန်နိုင်ငံ က ပါဝင် ကူညီ ဆောင်ရွက်မည့် အခြေအနေ များကို ရှင်းလင်းပြီး သမ္မတကြီး ဆောင်ရွက် နေသည့် နိုင်ငံရေး နှင့် စီးပွားရေး ပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ် များကို ဂျပန်နိုင်ငံ က ထောက်ခံ ကြောင်း ပြောကြားသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က ပြောကြား ရာတွင် မြန်မာနိုင်ငံ နှင့် ဂျပန်နိုင်ငံ တို့အကြား ရင်းနှီး မြှုပ်နှံမှု ဖြေလျှော့ရေး ၊ မြှင့်တင်ရေး နှင့် အကာအကွယ် ပေးရေး သဘောတူ စာချုပ်ကို လက်မှတ် ရေးထိုး နိုင်သည့် အတွက် နှစ်နိုင်ငံ အကြား ကုန်သွယ်မှု နှင့် ရင်းနှီး မြှုပ်နှံမှု တိုးတက် လာမည့် အခြေအနေ များကို ရှင်းလင်း ပြောကြားသည်။

သို့ဖြစ်၍ မဲခေါင်ဒေသ နိုင်ငံများ ဖွံ့ဖြိုးရေး သည် အာရှ နိုင်ငံများ ဖွံ့ဖြိုးရေး ၏ မောင်းနှင်အား ပင်ဖြစ်ရကား မြန်မာ ကလည်း တစ်တပ် တစ်အား ကြိုးပမ်း ကြရမည် ဖြစ်ပေသည်။ ။


No comments:

Post a Comment