Pages

Monday, November 25, 2013

ရွေးကောက်ပွဲများ နှင့် လစ်ဘရယ် ဒီမိုကရေစီ


ရွေးကောက်ပွဲများ နှင့် လစ်ဘရယ် ဒီမိုကရေစီ

အယ်ဒီတာ့အာဘော်
( ၂၅-၁၁-၂၀၁၃ )

မြန်မာတို့ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွင် ခရစ်နှ်စ ၁၉၂၃ သည် ထူးခြားမှု တစ်ခုရှိ ခဲ့သည်။ ၁၉၂၃ ခုနှစ်တွင် ဗြိတိသျှ အစိုးရက မြန်မာ နိုင်ငံကို ဒိုင်အာခီ အုပ်ချုပ်ရေး စနစ် ပေးလိုက်သော အခါ ဂျီစီဘီအေ အဖွဲ့ အတွင်း ကွဲပြားမှုများ ဖြစ်လာပြီး လွတ်လပ်ရေး ကြိုးပမ်းမှု အရှိန် လျော့ကျကာ ၁၉၃ဝ ပြည့်နှစ် အထိ မျောနေသည်ဟု ပညာရှင် များက သုံးသပ်ကြောင်း ဒေါက်တာ ခင်အေး ( မောင်ခင်မင် ၊ ဓနုဖြူ ) က ပြောခဲ့ ဖူးသည်။ လေ့လာသူ အချို့က ၁၉၂၃ ခုနှစ်တွင် ဒိုင်အာခီ အုပ်ချုပ်ရေး စနစ်က အရပ်ဘက် လူမှု အဖွဲ့အစည်း များဖြစ်သော ပါတီငယ် ကလေးများ ဖွဲ့စည်းခွင့် ပေးခဲ့ခြင်းသည် မြန်မာ့ လစ်ဘရယ် ဒီမိုကရေစီ စနစ် သို့မဟုတ် ပါတီစုံ ဒီမိုကရေစီ ၏ ကနဦး အမြုတေ ဖြစ်သည်ဟု ဆိုကြသည်။

ဒိုင်အာခီ အုပ်ချုပ်ရေး စနစ်အရ ငြိမ်ဝပ် ပိပြားရေး၊ ဘဏ္ဍာရေး ၊ အခွန်တော်ရေး စသော အရေးကြီးသည့် ကိစ္စများကို ဘုရင်ခံက တာဝန်ယူပြီး ပညာရေး ၊ ကျန်းမာရေး ၊ ဒေသန္တရ အုပ်ချုပ်ရေး စသော ကိစ္စရပ်များ ကို ဥပဒေပြု ကောင်စီက ရွေးချယ် တင်မြှောက်သော ဝန်ကြီးများက တာဝန်ယူ ရမည် ဖြစ်သည်။ ဥပဒေပြု ကောင်စီတွင် ဝင်ရောက် အရွေးခံရေး ၊ မခံရေး ဆွေးနွေး ကြရာမှ ဂျီစီဘီအေ အတွင်း သဘောထား ကွဲလွဲ ခဲ့ကြသည်။ ဦးဘဘေ ခေါင်းဆောင်သော ၂၁ ဦးတို့က ဂျီစီဘီအေ မှခွဲထွက်ပြီး ဥပဒေပြု ကောင်စီ ရွေးကောက်ပွဲ ၀င်ကြသည်။ ဦးချစ်လှိုင် ခေါင်းဆောင်သော ဂျီစီဘီအေ အဖွဲ့ဝင်များက ဒိုင်အာခီကို လက်မခံဘဲ ကန့်ကွက်ခဲ့ ကြသည်။

၁၉၂၃ ခုနှစ် ဇန်န၀ါရီ ၂ ရက်တွင် ဒိုင်အာခီ ( Dyarchy ) အုပ်ချုပ်ရေး စနစ်အရ မြန်မာနိုင်ငံ ကို သီးခြား ဘုရင်ခံ အုပ်ချုပ်သော ပြည်နယ် အဖြစ် တည်ထောင်ကြောင်း ဗြိတိသျှ အစိုးရ ကြေညာပြီး အုပ်ချုပ်ရေး ယန္တရား ကို အကောင် အထည်ဖော် ခဲ့သည်။ ဂျီစီဘီအေ အဖွဲ့ နှစ်ဖွဲ့ကွဲသွား ရာမှ နောက်ပိုင်း အစိတ်စိတ် အမြွှာမြွှာ ထပ်ကွဲပြီး နိုင်ငံရေး ပါတီ အများအပြား ပေါ်ပေါက် လာခဲ့သည်။ ဒိုင်အာခီ မပေါ်ပေါက်မီ ၁၉၂၁ ခုနှစ်က ပေါ်ပေါက် ခဲ့သော အမျိုးသား ကောလိပ် နှင့်အတူ အမျိုးသား ပညာရေး ကောင်စီနှင့် အမျိုးသား ကျောင်းများ အရှိန်အဝါ ကြီးမားခဲ့ သော်လည်း ၁၉၂၄ ခုနှစ်တွင် အမျိုးသား ကောလိပ်များ ဖျက်သိမ်း လိုက်ရသည်။ ၁၉၃၀ ပြည့်နှစ် မေလ ၃၀ ရက်တွင် တို့ဗမာ အစည်းအရုံး ပေါ်ပေါက် လာသည်။ ဂျီစီဘီအေ ကွဲပြီးနောက် ရေစုန်မျော နေသော အမျိုးသားရေး လှုပ်ရှားမှု များသည် တို့ဗမာ အစည်းအရုံး နှင့် ဆရာစံ တော်လှန်ရေး နှင့်အတူ ပြန်လည် နိုးကြား လာရသည်။

၁၉၃၂ ခုနှစ်တွင် မြန်မာနိုင်ငံ နှင့် အိန္ဒိယ ဆက်တွဲမည် သို့မဟုတ် သီးခြား ခွဲမည် ဆိုသည့် ခွဲရေးတွဲရေး ပြဿနာသည် မြန်မာ့ နိုင်ငံရေး လောက၌ ရှုပ်ထွေး လာခဲ့သည်။ ၁၉၃၅ ခုနှစ်တွင် ဗြိတိသျှ တို့ မြန်မာပြည် အုပ်ချုပ်ရေး ဥပဒေ ပြဋ္ဌာန်းပြီး ထိုဥပဒေ အရ ၁၉၃၇ ခုနှစ် ဧပြီ ၁ ရက်တွင် အိန္ဒိယ အုပ်ချုပ်ရေး စနစ်မှ မြန်မာပြည်ကို သီးခြား ခွဲထုတ် လိုက်သည်။ အုပ်ချုပ်ရေး စနစ်ကို ၉၁ ဌာန အုပ်ချုပ်ရေး ဟု ခေါ်ပြီး မြန်မာပြည် ကို ဗြိတိသျှ အစိုးရက တိုက်ရိုက် အုပ်ချုပ်သော စနစ် ဖြစ်သည်။ ရွေးကောက်ပွဲ တွင် တို့ဗမာ အစည်းအရုံး က ကိုယ့်မင်း ကိုယ်ချင်း အဖွဲ့ဟူ၍ ဖွဲ့စည်းကာ ဝင်ရောက် ယှဉ်ပြိုင်ပြီး ငါးပွင့်ဆိုင် ပါတီ ၊ ဆင်းရဲသား ပါတီတို့  ၀င်ရောက် ယှဉ်ပြိုင် ကြသည်။

ဤသည်တို့မှာ မြန်မာတို့သည် လွတ်လပ်ရေး ကြိုးပမ်းမှု ကာလမှာပင် လူတစ်ဦး ဆန္ဒ မဲတစ်ပြား ပေး၍ လူထု ကိုယ်စားလှယ် ရွေးချယ် ခဲ့သည့် အတွေ့အကြုံ ရှိကြောင်း သာဓကများ ဖြစ်ပြီး ဤသည်ကိုပင် ခေတ်သစ် နိုင်ငံရေး စနစ် သို့မဟုတ် လစ်ဘရယ် ဒီမိုကရေစီ ( Liberal Democracy ) ဟု ခေါ်ကြသည်။ တစ်နည်း အားဖြင့် ပါတီစုံ ဒီမိုကရေစီ စနစ်ပင် ဖြစ်သည်။ လစ်ဘရယ် ဒီမိုကရေစီ သည် ရွေးကောက်ပွဲ ဝင်သော ပါတီများနှင့် မဲပေးသော ပြည်သူတို့ပေါ် မူတည်သည်။

မြန်မာ့ လွတ်လပ်ရေး အတွက် ကြိုးပမ်း ခဲ့ကြသည့် ခေတ်သစ် နိုင်ငံရေး စနစ်ကို ဖော်ဆောင် ကြသူ ပထမ နိုင်ငံရေး မျိုးဆက် များမှ နိုင်ငံရေး ပါတီများ နှင့် အသင်းအဖွဲ့ များတွင် ဗမာ့ လွတ်လပ်ရေး တပ်မတော် ( BIA ) သည် ရှေ့တန်းက ပါဝင်ခဲ့သည်။ ယနေ့အထိ နိုင်ငံတော်၏ အမျိုးသားရေး အင်အားစု အဖြစ် ရပ်တည်ဆဲ ဖြစ်ပြီး နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဆက်လက် ရပ်တည်ကာ အမျိုးသား အကျိုးစီးပွား ကို ဖော်ဆောင် သွားမည် ဖြစ်ပေသည်။ ။


No comments:

Post a Comment