Pages

Friday, November 22, 2013

အတတ်ပညာရှင် အသိပညာရှင်


အတတ်ပညာရှင် အသိပညာရှင်

ပညာ ဟုဆိုရာတွင် အကြောင်းခြင်းရာ များကို သိခြင်း ၊ နားလည်ခြင်း တို့ကို ခေါ်သည်။ ထိုပညာတွင် အတတ်ပညာ နှင့် အသိပညာ ဟူ၍လည်း ထပ်မံ ကွဲပြားပြီး အတတ် ပညာရှင် ၊ အသိပညာရှင် ဟု ခေါ်ဆို ကြသည်။

အဆိုပါ အသိပညာရှင် ၊ အတတ်ပညာရှင် နှစ်မျိုးလုံးသည် တိုင်းပြည် အတွက် အရေးပါ ၊ အရာရောက် သည်ဖြစ်ရာ ယနေ့ လူငယ်များ အနေဖြင့် အဆိုပါ ပညာရပ် နှစ်မျိုးလုံးကို နားလည် သဘောပေါက် ထားမှသာလျှင် မိမိတို့ လျှောက်လှမ်း ရမည့် လမ်းကြောင်း မှန်ကို ရွေးချယ်နိုင်မည် ဖြစ်ပေသည်။

အတတ်ပညာရှင် များအနေဖြင့် သွက်လက် ချက်ချာ၍ သူ၏ ဉာဏ်ပေါ်တွင် ကျက်စားကာ လက်တွေ့ အကောင် အထည်ဖော် ရသော သူဖြစ်ပြီး အသိပညာရှင်မှာ ပညာရပ် တစ်ခုခုကို အကြောင်းအကျိုး ဆက်စပ် ဝေဖန် ပိုင်းခြား တွေးခေါ် မြော်မြင် တတ်သူ ဖြစ်သည်။

အသိပညာရှင် ဖြစ်စေ ၊ အတတ်ပညာရှင် ဖြစ်စေ ကျောင်းသင် ပညာရပ်များကို သင်ယူ တတ်မြောက်ပြီး မှသာလျှင် မိမိတို့ အဆင်ပြေရာ လမ်းကြောင်း ကို လျှောက်လှမ်း ကြရမည်။ ထိုသို့ လျှောက်လှမ်း ကြရာတွင် အတန်းပညာ တစ်ခုတ်ညး နှင့် မဆိုင်ဘဲ မိမိတို့ လုပ်ကိုင်မှု ၊ တွေးခေါ်မှု အတိုင်းအတာ နှင့် စွမ်းဆောင် နိုင်မှု အပေါ်တွင်လည်း မူတည်ပေသည်။

အချို့မှာ သုံးသပ် ဆုံးဖြတ် ဝေဖန်ပိုင်းခြား နိုင်သော်လည်း အကြောင်း အမျိုးမျိုး၊ အခြေအနေ အရပ်ရပ် တို့ကြောင့် ဆောင်ရွက် နိုင်ဖွယ်ရှိသော နယ်ပယ်သို့ ရောက်ရှိ မလာဘဲ ၊ ပျော်ရာမှာ မနေရ ၊ တော်ရာမှာ နေလိုက် ရသည့် ပြင်ပရောက် ပညာရှင် များလည်း ရှိသည်။

မျက်မှောက် ကာလ၌ ပွင့်လင်း မြင်သာမှုများ ၊ လွတ်လပ်စွာ ပြောဆို နိုင်ခွင့်များ ရှိလာသော အခါ အဆိုပါ ကျောက်ရိုင်းတုံး များ ၊ လေနှင်ရာ လွင့်ရှာ ကြသည့် ပန်းကောင်း ၊ ပန်းပွင့် များသည် အရောင် လင်းလက် ၊ အနံ့ သင်းပျံ့လျက် ဟိုမှသည်မှ ပေါ်ထွက် လာကြသည်။ ဤသည်မှာ လွတ်လပ် ပွင့်လင်းမှု၏ အနှစ်သာရပင် ဖြစ်သည်။

ထို့ကြောင့် ကျွန်ုပ်တို့ နိုင်ငံတွင် အသိပညာရှင် ၊ အတတ်ပညာရှင် များ မရှားပါး ၊ လေနှင်ရာ လွင့်ခြင်း ၊ လူမှန် နေရာမှန် မရှိခြင်း တို့ကြောင့် သာလျှင် ပညာရှင်များ တိမ်မြုပ် ပျောက်ကွယ် နေရခြင်း ဖြစ်သည်။ ယနေ့ နိုင်ငံတော် က ဖော်ဆောင် နေသော မူဝါဒ နှင့် လုပ်ငန်းစဉ် များကြောင့် ကျောက်ရိုင်းများ ပွင့်လာ ကြရသည်။


သို့ဖြစ်ရာ မထင်မရှား ဖြစ်နေသေး သည့် နယ်ပယ် အသီးသီးမှ အတတ် ပညာရှင် ၊ အသိပညာရှင် များအနေဖြင့် စိတ်ပျက် အားငယ်ဖွယ် မရှိဘဲ ယနေ့ အချိန်အခါ တွင် ကျရာအသိ ၊ သန်ရာအမြင် ၊ တတ်ရာ အလုပ် တို့ဖြင့် တစ်ဖက် တစ်လမ်းမှ ဝိုင်းဝန်း စွမ်းဆောင် ကြရမည်သာ ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရပါပေသည်။ ။

၂၂-၁၁-၂၀၁၃ ရက် ၊ ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော်


No comments:

Post a Comment