Pages

Saturday, November 9, 2013

ဆန္ဒနှင့် ယုံကြည်ချက်သည် အောင်မြင်မှုအတွက် သော့ချက်


ဆန္ဒနှင့် ယုံကြည်ချက်သည် အောင်မြင်မှုအတွက် သော့ချက်

အယ်ဒီတာ့အာဘော်
( ၉-၁၁-၂၀၁၃ စနေနေ့ )

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရသည် ၂ဝ၁၁ ခုနှစ် သြဂုတ်လမှ စ၍ ငြိမ်းချမ်းရေး ဖိတ်ခေါ်ခဲ့ပြီး တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံး ၏ လိုလားချက် ဖြစ်သော တည်ငြိမ် အေးချမ်းရေး နှင့် ဖွံ့ဖြိုးရေး တို့ကို ဆောင်ရွက် ခဲ့သည်။ အပစ်အခတ် ရပ်စဲရေး အတွက် အဖွဲ့ (၁၄)ဖွဲ့နှင့် သဘောတူညီမှု ရရှိခဲ့ပြီး ကျန်ရှိ နေသေးသည့် အဖွဲ့နှစ်ဖွဲ့ နှင့်လည်း ဆွေးနွေးနေဆဲ ဖြစ်သည်။

၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့ပြီး နောက်ပိုင်း ပဋိပက္ခများကို လက်နက်ဖြင့် ဖြေရှင်းခဲ့ကြ သည်မှာ နှစ်ပေါင်း ၆၅ နှစ် ကြာခဲ့ပြီ ဖြစ်သည်။ ယနေ့ မြန်မာ နိုင်ငံတော်တွင် တပ်မတော် ၊ အစိုးရ နှင့် လွှတ်တော် များသည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် ဖွဲ့စည်း ရေးဆွဲလျက် ရှိသည့်အပြင် တိုင်းရင်းသား အဖွဲ့အစည်း များကိုလည်း လွှတ်တော် ပြင်ပမှ ပါဝင်ခွင့် ရရှိအောင် ဆောင်ရွက် ပေးလျက် ရှိသည်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၁ ရက်တွင် ပြည်သူများ သို့ ရေဒီယိုမှ ပြောကြားသည့် မိန့်ခွန်းတွင် တစ်ပြည်လုံး အတိုင်းအတာ နှင့် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက် လက်မှတ် ရေးထိုးပွဲ ကျင်းပရခြင်း ၏ ရည်ရွယ်ချက် များကို ရှင်းလင်း ပြောကြား ခဲ့ပြီးဖြစ်သည်။ နိုင်ငံတော် အစိုးရက ယခုအကြိမ် ငြိမ်းချမ်းရေး တည်ဆောက်ရန် ကမ်းလှမ်း ခဲ့ခြင်းမှာ အပစ်အခတ် ရပ်စဲရေး အဆင့်များကို အခြေခံ၍ နိုင်ငံရေး ဆွေးနွေးပွဲများ ဆက်လက် ကျင်းပနိုင်ရေး ကြိုးပမ်း သွားရန် ဖြစ်သည်။ လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ် တစ်လျှောက်လုံးတွင် ကြိုတင် စည်းကမ်း သတ်မှတ်ချက် မရှိဘဲ တိုင်းရင်းသား များ၏ အဆိုပြုချက် အားလုံးကို လက်ခံ ဆွေးနွေးခဲ့ခြင်း ကြောင့် တိုင်းရင်းသား အဖွဲ့အစည်းများ နှင့် ယုံကြည်မှု တည်ဆောက်ရေး လုပ်ငန်းစဉ်များ အောင်မြင်မှု ရရှိခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များမှ ခေါင်းဆောင်များ ၊ ကိုယ်စားလှယ် များ တွေ့ဆုံ၍ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အတွက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မဂျွယ်ခန်းမ၌ နိုဝင်ဘာ ၄ ရက်နှင့် ၅ ရက်တို့တွင် ဆွေးနွေးကြပြီး တွေ့ဆုံ ဆွေးနွေးပွဲမှ ပူးတွဲ ကြေညာချက် ကို ထုတ်ပြန် နိုင်ခဲ့ပြီ ဖြစ်သည်။ ဆွေးနွေးပွဲ နှင့် စပ်လျဉ်း၍ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး က ပြောကြားရာ ၌ ဆွေးနွေးပွဲ တက်ရောက်သူ များက အပစ်အခတ် ရပ်စဲရေး ကို စိတ်ဆန္ဒ အပြည့်အ၀ ရှိသည်ဟု သုံးသပ် ရကြောင်း ၊ တပ်မတော် ကလည်း အပစ်အခတ် ရပ်စဲလိုသော ဆန္ဒကြောင့် အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးနှင့် တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် လက်မှတ် ရေးထိုးနိုင်ရန် ထဲထဲဝင်ဝင် ဆောင်ရွက်ပြီး ငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက် နေကြောင်း၊ ဆွေးနွေးပွဲတွင် လွတ်လပ်စွာ ဆွေးနွေး ကြခြင်းကြောင့် စားပွဲဝိုင်းမှာ ဆွေးနွေးခြင်းက ပို၍ ကောင်းမွန်ကြောင်း ၊ မီဒီယာများ ၏ မေးမြန်းချက် အား ပြန်လည် ဖြေကြား ခဲ့သည်။ တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက် လာကြသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များမှ ခေါင်းဆောင်များ နှင့် ကိုယ်စားလှယ် များ ၊ မြန်မာ ငြိမ်းချမ်းရေး စင်တာမှ ပုဂ္ဂိုလ်များ အားလုံးသည် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆက်လက် ညှိနှိုင်း အကောင် အထည်ဖော် သွားနိုင်မည်ဟု ယုံကြည် ထားကြသည်။ ယခု ဆွေးနွေးပွဲ သည် ပထမ အဆင့်ဖြစ်ပြီး ဒီဇင်ဘာတွင် ကရင်ပြည်နယ် ဘားအံမြို့ ၌ ထပ်မံ တွေ့ဆုံ ဆွေးနွေးကြပြီး မကြာမီ အားလုံး ပါဝင်သော နိုင်ငံရေး ဆွေးနွေးပွဲ ကြီးဆီသို့ ဆက်လက် လျှောက်လှမ်း ကြမည် ဖြစ်ကြောင်း သိရသည်။


သို့ဖြစ်၍ ဆန္ဒနှင့် ယုံကြည်ချက် သည် အောင်မြင်မှု၏ သော့ချက် ဖြစ်သည် ဆိုသည့်အတိုင်း ငြိမ်းချမ်းလိုသော ဆန္ဒနှင့် ငြိမ်းချမ်း ရမည်ဆိုသော ယုံကြည်ချက် တို့ဖြင့် အောင်မြင်မှု ပန်းတိုင်သို့ ဆက်လက် လျှောက်လှမ်း ကြပါရန် တိုက်တွန်း နှိုးဆော်လိုက် ရပါသည်။ ။

No comments:

Post a Comment