Pages

Sunday, November 24, 2013

သဘာဝသစ်တောများ ထိန်းသိမ်းရေး အမျိုးသားရေး တာဝန်အဖြစ် ခံယူ


သဘာဝသစ်တောများ ထိန်းသိမ်းရေး အမျိုးသားရေး တာဝန်အဖြစ် ခံယူ

အယ်ဒီတာ့အာဘော်
( ၂၄-၁၁-၂၀၁၃ )

သဘာဝ ဆိုသည်မှာ လူတို့၏ စီမံ ဆောင်ရွက်မှု မပါဘဲ အလိုအလျှောက် ဖြစ်သော အရာဟု မြန်မာ အဘိဓာန်က အဓိပ္ပာယ် ဖွင့်ဆိုထားသည်။ ယနေ့ ကမ္ဘာတွင် ဖြစ်ပေါ်နေသော သဘာဝ ဘေးအန္တရာယ် များမှ ရာသီဥတု ကို ပြောင်းလဲ စေသော အကြောင်း တရားများ နှင့် သဘာဝကို ပြောင်းလဲ စေသော အကြောင်းတရား တို့သည် လူတို့၏ ပယောဂ မကင်းဟု ပညာရှင် များက ထောက်ပြ ကြသည်။

သဘာဝ ပတ်ဝန်းကျင်ကို ပြောင်းလဲ စေသော အကြောင်းတရား များတွင် ကမ္ဘာ့မြေ၏ သယံဇာတ များကို အလွန်အမင်း ထုတ်ယူ သုံးစွဲ လာကြခြင်း ၊ ဖွံ့ဖြိုး လာသော စက်မှုလုပ်ငန်း ၊ စွမ်းအင်လုပ်ငန်း ၊ ပို့ဆောင် ဆက်သွယ်ရေး လုပ်ငန်း ၊ ကုန်သွယ်ရေး လုပ်ငန်း စသည်တို့က ထုတ် လွှတ်သော ဖန်လုံအိမ် အာနိသင် များနှင့် စွန့်ပစ် ပစ္စည်းများ ကြောင့် ရေထု ၊ လေထုနှင့် မြေထု ညစ်ညမ်းမှုများ ပိုမို ဖြစ်ပေါ်လျက် ရှိသည်။

ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှု ကို သက်သာစေသော သစ်တောများ သည် လူသားတို့ အကျိုးကို ဖော်ဆောင် ပေးသည် သာမကဘဲ ဇီဝမျိုးစုံ မျိုးကွဲများ၏ မှီခို အားထားရာ လည်းဖြစ်သည်။ သစ်တောများ မှ စားနပ် ရိက္ခာ ၊ ဆေးဝါး နှင့် သန့်ရှင်းသော ရေတို့ကို ထုတ်လုပ် ပေးလျက် ရှိသည်။ လက်ရှိ သစ်တော ဖုံးလွှမ်းမှုမှာ ကမ္ဘာမြေ ဧရိယာ၏ ၃၁ ရာခိုင်နှုန်း သာရှိကြောင်း သိရသည်။ သစ်တော ဧရိယာ အများဆုံး ရှိသော ရုရှား ၊ ဘရာဇီး ၊ ကနေဒါ ၊ အမေရိကန် ပြည်ထောင်စု နှင့် တရုတ်နိုင်ငံ တို့တွင် ရှိသော စုစုပေါင်း သစ်တော ဧရိယာသည် ကမ္ဘာ့ သစ်တော ဧရိယာ ၏ ၅ဝ ရာခိုင်နှုန်း ကျော်ရှိသည်။ ကမ္ဘာ့ သစ်တော ဧရိယာများ အနက် အမျိုးသား ဥယျာဉ်နှင့် ဘေးမဲ့တော အပါအဝင် ဥပဒေ ပြဋ္ဌာန်း ဖွဲ့စည်း ထားသည့် ကာကွယ်တော ဧရိယာမှာ ကမ္ဘာ့ သစ်တော ဧရိယာ၏ ၁၃ ရာခိုင်နှုန်း သာရှိသည်။ ခရစ်နှစ် ၂ဝဝဝ ပြည့်နှစ်မှ ၂ဝ၁ဝ ပြည့်နှစ် ကာလအတွင်း နှစ်စဉ် သစ်တော ဧရိယာ ၁၂ ဒသမ ၈ သန်းခန့် ဆုံးရှုံးလျက် ရှိနေခြင်း သည် ကော့စတာရီကာ နိုင်ငံ၏ အကျယ်အ၀န်း နှင့် ညီမျှကြောင်း တွေ့ရသည်။

မြန်မာနိုင်ငံ တွင် ဆုံးရှုံးမှု အများဆုံး ကြုံတွေ့ ခဲ့ရသည့် နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့ စဉ်က ဒီရေတော များ၏ အကာအကွယ် ရရှိသော ကျေးရွာ များသည် လူအသေ အပျောက် အနည်းဆုံး နှင့်ပျက်စီး ဆုံးရှုံးမှု အနည်းဆုံး ဖြစ်ကြောင်း တွေ့ရသည်။ ဧရာဝတီတိုင်း ဒေသကြီး မြစ်ဝ ကျွန်းပေါ် ဒေသတွင် ဒီရေတောများ ရေရှည် ထိန်းသိမ်း ထားနိုင်ရေး သစ်တော ဦးစီးဌာန နှင့် စေတနာရှင် အဖွဲ့အစည်း များသည် လပွတ္တာမြို့နယ်၊ ဖျာပုံမြို့နယ်၊ ဘိုကလေး မြို့နယ်နှင့် ပြင်စလူ မြို့နယ်ခွဲ တို့တွင် ဒီရေတောများ ပြန်လည် စိုက်ပျိုး ထိန်းသိမ်း စောင့်ရှောက် လျက်ရှိသည်။ မြန်မာနိုင်ငံ တွင် နိုင်ငံတော် အတွင်းရှိ ဇီဝမျိုးစုံ မျိုးကွဲများ ထိန်းသိမ်း ကာကွယ်ရေး အတွက် ၁၉၉၄ ခုနှစ် တောရိုင်း တိရစ္ဆာန် ၊ သဘာဝ အပင်များ ကာကွယ်ရေး နှင့် သဘာဝ နယ်မြေများ ထိန်းသိမ်းရေး ဥပဒေကို သစ်တော ဦးစီးဌာနက ထုတ်ပြန် ထားပြီး ဖြစ်သည်။

သို့ဖြစ်၍ ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရေး ၊ သဘာဝ ပတ်ဝန်းကျင် ရေရှည် တည်တံ့ရေး ၊ ရာသီဥတု ပြောင်းလဲမှု အပါအဝင် သဘာဝ ဘေးအန္တရာယ် များကြောင့် ပျက်စီး ဆုံးရှုံးမှုများ လျော့နည်းရေး တို့အတွက် သဘာဝ သစ်တောများ ပြုစု ပျိုးထောင် ထိန်းသိမ်းခြင်း ကို အမျိုးသားရေး တာဝန် အဖြစ် ခံယူကာ ပြည်သူ အားလုံးတို့က ပါဝင် ဆောင်ရွက် ကြပါရန် တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။ ။

#Themyawadydaily

အစိမ်းရောင် တွေဟာ သစ်တောထူထပ်နေဆဲကို ပြနေတာပါ။ 
အနီရောင် ကတော့ သစ်တောတွေ တော်တော်လေးကို ပြုန်းတီးနေတာပါ။ 
အပြာရောင်ကတော့ သစ်တောတွေ ပြန်စိုက်ပြီး အောင်မြင်နေတဲ့ နေရာလေးပါ။ 
အညိုရောင် ကတော့ သစ်တောလုံးဝ မရှိတာ မဟုတ်ပါဘူး.. သစ်တော မထူထပ်တော့ဘဲ အရေအတွက် အလွန်နည်းတဲ့ နေရာတွေ ဖြစ်ပါတယ်။ 

ကျနော်တို့ မြန်မာပြည်ဆို အစိမ်းလေးတွေ မြင်နေရသေးတယ်။ သဘာဝ ပတ်ဝန်းကျင်နဲ့ သစ်တော ကို ချစ်မြတ်နိုး တတ်ကြပါစေ။ 

ဓာတ်ပုံကို University of Maryland က ယူသုံးထား ပါတယ်။



No comments:

Post a Comment