Pages

Tuesday, October 22, 2013

ပါကစ္စတန် နိုင်ငံသို့ လုံခြုံရေး ဆိုင်ရာ ထောက်ပံ့ ကူညီမှု ပြန်လည် ပေးအပ်ရန် အမေရိကန် စီစဉ်လျက်ရှိ


အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ Marie Harf

ဝါရှင်တန် ၊ ၂၂-၁၀-၂၀၁၃

ပါကစ္စတန် နိုင်ငံသို့ လုံခြုံရေး ဆိုင်ရာ ထောက်ပံ့ ကူညီမှုများ ပေးအပ်မှုကို ပိတ်ပင် ထားခဲ့သော်လည်း အမေရိကန် ဒေါ်လာ သန်း ၃ဝဝ ကျော် ပြန်လည် ထောက်ပံ့ရန် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန က လွှတ်တော်သို့ တောင်းဆို ခဲ့ကြောင်း အောက်တိုဘာ ၂၁ ရက် ဆင်ဟွာ သတင်းတစ်ရပ် အရ သိရသည်။

၂ဝ၁၁ နှင့် ၂ဝ၁၂ ခုနှစ်တွင် အမေရိကန် နှင့် ပါကစ္စတန် နိုင်ငံတို့ အကြား ဆက်ဆံရေး အဆင်မပြေ ဖြစ်ခဲ့ပြီး လုံခြုံရေး ဆိုင်ရာ ထောက်ပံ့ ကူညီမှုများ နှောင့်နှေး ကြန့်ကြာ ခဲ့ရကြောင်း ၊ ယခုကဲ့သို့ လုံခြုံရေးဆိုင်ရာ ထောက်ပံ့ ကူညီမှုများ ပြန်လည် စတင်ခြင်းသည် ရေရှည် ပူးပေါင်း ဆောင်ရွက်မှု၏ တစ်စိတ် တစ်ပိုင်း ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ Marie Harf က ထုတ်ဖော် ပြောကြား ခဲ့သည်။

လွှတ်တော်သို့ တောင်းဆိုသည့် ထောက်ပံ့မှု အစီအစဉ်သည် ပါကစ္စတန် ဝန်ကြီးချုပ် နာဝပ်ရှာရစ်ဖ် ၏ အမေရိကန် ခရီးစဉ်တွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ နှင့်တွေ့ဆုံ ခဲ့ပြီးနောက် ပေါ်ထွက် လာခဲ့ခြင်း ဖြစ်သည်။ အမေရိကန် အထူးတပ်ဖွဲ့ တစ်ဖွဲ့က အယ်လ်ကိုင်ဒါ ခေါင်းဆောင် အိုစမာဘင်လာဒင် ကို ပါကစ္စတန် နိုင်ငံတွင် သုတ်သင်ခဲ့မှု အပါအဝင် အမေရိကန် နိုင်ငံ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ပါကစ္စတန် တပ်ဖွဲ့ဝင် ၂၄ ဦး သေဆုံးခဲ့မှု များကြောင့် နှစ်နိုင်ငံအကြား ဆက်ဆံရေး အခြေအနေ သည် ၂ဝ၁၁ ခုနှစ်တွင် အဆိုးရွားဆုံး အခြေအနေသို့ ရောက်ရှိ ခဲ့ကြောင်းနှင့် ယခုအချိန် မှသာ နှစ်နိုင်ငံအကြား ဆက်ဆံရေး တိုးတက် ကောင်းမွန် လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အမေရိကန် နိုင်ငံက ဆက်ဆံရေး အဆင်မပြေ ဖြစ်နေသည့် ကာလအတွင်း ၄င်း၏ လုံခြုံရေး ဆိုင်ရာ ထောက်ပံ့ ကူညီမှုကို ရပ်ဆိုင်း ခဲ့သော်လည်း အရပ်ဘက် ဆိုင်ရာ ကူညီ ထောက်ပံ့မှု အဖြစ် အမေရိကန် ဒေါ်လာ ၈၅၇ သန်းကို ပါကစ္စတန် နိုင်ငံသို့ စဉ်ဆက်မပြတ် ထောက်ပံ့ ပေးခဲ့ကြောင်း Marie Harf က ပြောကြား ခဲ့သည်။


အမေရိကန် နိုင်ငံ၏ လုံခြုံရေး ဆိုင်ရာ ထောက်ပံ့ ကူညီမှုသည် ပါကစ္စတန်နိုင်ငံ အနောက်ပိုင်း နယ်စပ်ဒေသ များတွင် အကြမ်းဖက် မှုများအား တန်ပြန် နှိမ်နင်းလျက် ရှိသည့် ပါကစ္စတန် လုံခြုံရေး တပ်ဖွဲ့များ၏ စွမ်းဆောင်ရည် များ တိုးတက် လာအောင် ပြုစုပျိုးထောင် ပေးနိုင်မည် ဖြစ်ကြောင်းနှင့် အမေရိကန်၏ အရပ်ဘက် ဆိုင်ရာ ထောက်ပံ့ ကူညီမှုကြောင့် စွမ်းအင် ၊ ပညာရေး နှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု စသည့် အရေးပါသော ကိစ္စရပ်များ အတွက်များစွာ အထောက်အကူ ရရှိခဲ့ကြောင်း Marie Harf ကထပ်လောင်း ပြောကြား ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment