Pages

Thursday, September 19, 2013

ဆေးဖက်ဝင် ဆင်တုံးမနွယ်

ဆေးဖက်ဝင် ဆင်တုံးမနွယ်

( ဆိုရီယွန် )


ဆင်တုံးမနွယ် ဆိုသည်မှာ အခြား အပင်ကြီးများ ပေါ်တွင် တွယ်ကပ်ပြီး ပေါက်သော နွယ်ပင် တစ်မျိုး ဖြစ်ပါသည်။ ရုက္ခဗေဒ အခေါ်အဝေါ် မှာ Tinospor cordifolia ဖြစ်ပါသည်။ ဆင်တုံးမနွယ် ၏ အခေါက်မှာ အပင်နုစဉ်၌ အစိမ်းရောင် ဖြစ်ပြီး သက်တမ်း ရင့်လာလျှင် မီးခိုးရောင် ပြောင်းသွား ပါသည်။ မီးခိုးရောင် ရင့်လေ ဆေးအာနိသင် ပိုမို ကောင်းလေ ဖြစ်သည်။ အရွက်၏ ပုံသဏ္ဌာန်မှာ ကွမ်းရွက် သို့မဟုတ် ဗောဓိ ညောင်ရွက် တို့နှင့် ဆင်တူ ပါသည်။ အရွက်၏ ပုံသဏ္ဍာန် မှာ အသည်းပုံ သင်္ဂေတ နှင့်လည်း တူသောကြောင့် အင်္ဂလိပ် လူမျိုးများက ဆင်တုံးမနွယ် ပင်ကို Heart - Leved Moon Seed ဟုလည်း ခေါ်ကြသည်။ အပွင့်၏ အရောင်မှာ အဝါရောင် ဖြစ်ပြီး အသီးမှာ အနီရောင် ဖြစ်သည်။

ဆင်တုံးမနွယ် ကို အဓိက အားဖြင့် သုံးမျိုး ခွဲခြား ထားသည်။ ပင်စည်ကို ဖြတ်လိုက် သည့်အခါ ထွက်လာသည့် အစေးပေါ် မူတည်ပြီး အဝါမျိုး ၊ အဖြူမျိုး နှင့် အနက်မျိုး ဟူ၍ ခွဲခြားထားသည်။ ဆင်တုံးမနွယ်မှာ အဖိုပင် ၊ အမပင် ဟူ၍လည်း ရှိပါသည်။ အဖိုပင်မှာ ဆူးတွေ အဖုတွေ များပြီး အမပင်မှာ ဆူးတွေ အဖုတွေ နည်းသော ကြောင့် အလွယ်တကူ ပင် ခွဲခြား နိုင်ပါသည်။ ဆင်တုံးမနွယ် ၏ ပင်စည်မှာ ဆေးဖက် အဝင်ဆုံး ဖြစ်ပါသည်။ အရွက်နှင့် အမြစ် ကိုလည်း အသုံးပြု နိုင်ပါသည်။ ပင်စည်မှာ များများ ရရှိ နိုင်သောကြောင့် ဆေးဖော်ရာ၌ ပင်စည်ကိုသာ အသုံး ပြုကြသည်။ ဆေးဖက်ဝင် အာနိသင် ဓာတ်မှာ အခါးဓာတ် ( Alkaloid ) ဖြစ်ပါသည်။ အခါးဓာတ် များလေ ဆေး အာနိသင် ပိုမိုထက်လေ ဖြစ်ပါသည်။

ဆင်တုံးမနွယ်၏ ဆေးဖက် ဝင်ပုံမှာ အရောင်ကျ စေသော သတ္တိရှိခြင်း ၊ ဆီးချို ၊ သွေးချို ရောဂါကို သက်သာ စေခြင်း ၊ သွေးတိုး ရောဂါကို သက်သာ စေခြင်း ၊ ခန္ဓာ ကိုယ်ခုခံအား စနစ် ကောင်းမွန် စေခြင်းနှင့် အသက်ကြီး သူများ အတွက် အကောင်းဆုံး သဘာဝ အားဆေး တစ်လက် ဖြစ်ခြင်းတို့ ဖြစ်ပါသည်။ မြန်မာ စကားပုံရှိ ပါသည်။ '' အသက် ကြီးလျှင် ဆင်စီးပါ '' ဟူ၍ြ ဖစ်ပါသည်။ အဓိပ္ပာယ်မှာ တိရိစ္ဆာန် ဆင်ကို စီးခိုင်းခြင်း မဟုတ်ဘဲ ဆင်တုံးမနွယ် ကို မှီဝဲပါဟု ဆိုလိုခြင်း ဖြစ်ပါသည်။ ဆင်တုံးမနွယ် ကို မြန်မာ့ တိုင်းရင်းဆေး ပညာတွင် မအိုဆေး ၊ မသေဆေး အဖြစ် ခေါ်ဝေါ် ကြသည်။ သေဖို့ခက်ခဲ သည့် အပင်များ ထဲတွင် ဆင်တုံးမနွယ် သည် ထိပ်ဆုံးက ဖြစ်လေသည်။ ဆင်ဆုံးနွယ် ပင်စည်ကို ခုတ်ပြီး အနှစ် ၅ဝ မှ ၁ဝဝ ကြာအောင် သိမ်းထား ပြီးနောက် အစိုဓာတ် ရှိသော မြေကြီးထဲသို့ ထိုးထည့် စိုက်လျှင် အပင် ပြန်ပေါက် ပါသည်။ လူ၏ ခန္ဓာကိုယ်ကို ဆဲလ်တစ်ခု ချင်းစီဖြင့် ဖွဲ့စည်းထားပြီး ထိုဆဲလ် တစ်ခုချင်းစီမှာ DNA Structure များ ရှိပါသည်။ အိုမင်း လာခြင်းမှာ ထို DNA Structure များ ပျက်စီးလာခြင်း ကြောင့်ဖြစ် ပါသည်။ ထို DNA Structure များ မပျက်စီး အောင် ဆင်တုံးမနွယ် က  လုပ်ပေး နိုင်သည့် အတွက်ကြောင့် မအိုဆေး ဟု ခေါ်ဆိုခြင်း ဖြစ်ပါသည်။


နေ့စဉ် ဆင်တုံးမနွယ် ကို မှီဝဲလိုလျှင် ဆင်တုံးမနွယ် ၏ ပင်စည်ကို ပါးပါးလှီး ပြီး နေပူတွင် အခြောက်လှန်း ရပါမည်။ အာနိသင် မပြယ်နိုင်ပါ။ ထိုအခြောက် ဖတ်ကို ရေနှင့် ပြုတ်ပြီး ပြုတ်ရည်ကို သောက်နိုင် ပါသည်။ တစ်နေ့ကို ၄ ဒသမ ၅ ဂရမ်မှ ကိုးဂရမ် အထိ သောက်သုံး နိုင်ပါသည်။

No comments:

Post a Comment