Pages

Friday, June 21, 2013

တရားဝင် ငွေလဲသည့်နေရာများ များပြားလာသောကြောင့် မှောင်ခိုငွေလဲ ဈေးကွက်တွင် အရောင်းအ၀ယ် နည်းသွား



ရန်ကုန် ၊ ၂၁-၆-၂၀၁၃

ရန်ကုန်မြို့ ရှိ ဘဏ်များတွင် ငွေလဲ ကောင်တာများ ဖွင့်ကာ နိုင်ငံခြားငွေ များနှင့် မြန်မာငွေများ လဲလှယ်ပေးခြင်း ၀န်ဆောင်မှု များကို လုပ်ဆောင် ပေးလျက် ရှိသည့်အပြင် တရားဝင် ငွေလဲသည့် ဆိုင်ငယ်လေး ( Authorized Money Exchange Booth ) များကိုလည်း ဖွင့်လှစ်ခွင့် ပြုလာသည့်တိုင် မှောင်ခို ငွေလဲဈေးကွက် မှာမူ ဆက်လက် တည်ရှိ နေဆဲ ဖြစ်သော်လည်း အရောင်းအ၀ယ် နည်းပါး သွားသည်ကို တွေ့ရှိရသည်။

တရားဝင် လဲလှယ်သည့် နေရာများတွင် အမေရိကန် ဒေါ်လာ ၊ စင်ကာပူ ဒေါ်လာ ၊ ယူရိုငွေ နှင့် အက်ဖ်အီးစီ တို့ကိုသာ နိုင်ငံတော်က လဲလှယ်ခွင့်ပြု ထားပြီး မှောင်ခို ဈေးကွက် တွင်မူ ထိုင်းဘတ်ငွေ ၊ ကိုရီးယား ၀မ်ငွေ ၊ မရေးရှား ရင်းဂစ် နှင့် တရုတ် ယွမ်ငွေ စသည်တို့ပါ လဲလှယ် နိုင်သည့် အတွက် အဆိုပါ ဈေးကွက် မှာ ဆက်လက် ရပ်တည် နေထိုင်ခြင်း ဖြစ်သော်လည်း ဈေးနှုန်းများ ၊ အထူးသဖြင့် ငွေ အရေအတွက် များနှင့် ပတ်သက်၍ မမှန်မကန် လုပ်ဆောင်ခြင်း ၊ တရားဝင် ငွေလဲသည့် ဆိုင်လေးများ အရေအတါက် တဖြည်းဖြည်း များပြား လာပြီး လူသိများ လာခြင်း တို့ကြောင့် အဆိုပါ မှောင်ခို ဈေးကွက်တွင် ငွေလဲသူ နည်းပါး သွားခြင်း ဖြစ်ကြောင်း သိရသည်။

" တရားဝင် ငွေလဲတဲ့ ဆိုင်လေးတွေ ပေါ်လာတာ နိုင်ငံခြားသား တွေအတွက်ရော ပြည်တွင်းက လူတွေ အတွက်ပါ အရမ်း ကောင်းပါတယ် ၊ နိုင်ငံခြားသား ဧည့်သည်တွေ အတွက် လက်ကမ်း စာစောင် တွေမှာလည်း အသိပေး ရေးသား ဖော်ပြ ထားတော့ နိုင်ငံခြားသား တွေကလည်း သဘောကျ ကြတယ် ၊ ပြည်တွင်း က ဒေါ်လာစား ၀န်ထမ်း တွေကလည်း လခထုတ်ပြီ ဆိုရင် အဲဒီမှာပဲ လဲကြတော့ တာပဲ ၊ နိုင်ငံခြားက အမျိုးတွေက လူကြုံ နဲ့ ပို့လိုက်လည်း အိမ်မှာရှိတဲ့ လူကြီး သူမတွေက အစ စိတ်ချလက်ချ အဲဒီ တရားဝင် ငွေလဲဆိုင် လေးတွေမှာ သွားလဲလို့ ရတယ် ၊ ဟိုတုန်းက အခုလို တရားဝင် ခွင့်ပြုထားတဲ့ ဆိုင်တွေ မရှိတုန်းကဆို ငွေတစ်ခါတစ်ခါ သွားလဲရတာ အတော့်ကို ဂရုစိုက် ရတဲ့ အလုပ်ကြီး တစ်ခုလို ပါပဲ .... " ဟု ပြောဆိုမှုများ ရှိသည်။

တရားဝင် ငွေလဲလှယ်ခြင်း လုပ်ငန်းကို ကုမ္ပဏီ ၁၀ ခုကျော်က လုပ်ဆောင်လျက် ရှိပြီး တစ်မြို့လုံးတွင် စုစုပေါင်း ငွေလဲသည့် ဆိုင်အရေအတွက် မှာ ၅၀ နီးပါးခန့် ရှိသွားပြီ ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment