Pages

Sunday, June 2, 2013

အာဇာနည်ဗိမာန်သို့ အများပြည်သူများ ၀င်ရောက် လေ့လာဂါရ၀ပြုနိုင်


ရန်ကုန် ၊ ၂-၆-၂၀၁၃

ရန်ကုန်မြို့ရှိ အာဇာနည် ဗိမာန် အား အများပြည်သူများ လေ့လာ ဂါရ၀ ပြုနိုင်ရန် အတွက် ဇွန်လ ၁ ရက်နေ့ နံနက် ၈ နာရီမှ စတင်ကာ ဖွင့်လှစ် ပေးခဲ့ပြီး တနင်္လာ နေ့တိုင်း နှင့် ပြန်တမ်းဝင် ရုံးပိတ်ရက် များမှအပ ကျန်ရက်များ တွင် နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၅ နာရီထိ ဖွင့်လှစ် ပေးမည် ဖြစ်ကြောင်း သိရသည်။ ၀င်ကြေး အနေဖြင့် လူကြီး တစ်ဦးလျှင် ကျပ် ၂၀၀ ၊ ကလေး တစ်ဦးလျှင် တစ်ရာကျပ်နှုန်း ကောက်ခံမည် ဖြစ်ပြီး မူလတန်း မှ တက္ကသိုလ် အထိ ပညာသင်ကြား လျက်ရှိသည့် ကျောင်းသား ကျောင်းသူ များအား ကျောင်းသား ကတ်ပြား ဖြင့် အခမဲ့ ၀င်ရောက် ခွင့်ပြုမည် ဖြစ်သည်။ ဧည့် နိုင်ငံခြားသား များကိုမူ တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၃ ဒေါ်လာ သို့မဟုတ် မြန်မာငွေ ကျပ် ၂၇၀၀ နှုန်းဖြင့် ကောက်ခံ သွားမည် ဖြစ်ပြီး အာဇာနည်နေ့ တွင် မည်သူမဆို အခမဲ့ ၀င်ရောက် နိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အာဇာနည် ဗိမာန် နေရာသည် ဗုံးမကွဲမှု မူလ နေရာနှင့် အနည်းငယ် လှမ်းသည့် နေရာတွင် ကိုရီးယား နိုင်ငံက ပြန်လည် တည်ဆောက် ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အနီရောင် သုတ်လိမ်း ထားသည့် ဗိမာန်တွင် အရှည်လိုက် အကန့်လိုက် ဆောင်ရွက် ထားခြင်းသည် ကျဆုံးသူ တစ်ဦးချင်းကို ရည်စူး ထားပြီး ကြည်ဖြူ တည်ရှိရာ နေရာသည် ဗိုလ်ချုပ် အောင်ဆန်းကို ရည်စူး ထားခြင်း ဖြစ်သည်။ ယခင်က အချက်အလက် များ စုံလင်စွာ ထားရှိ ခဲ့သော်လည်း ဗုံးကွဲရာတွင် ပျက်စီး သွားခဲ့ကြောင်း သိရသည်။


အာဇာနည် ဗိမာန်အား ယခင်က ယဉ်ကျေးမှု ၀န်ကြီးဌာန က ထိန်းသိမ်း စောင့်ရှောက် ခဲ့ပြီး ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ တွင် ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ မှ ပြောင်းလဲ ထိန်းသိမ်းလျက် ရှိသည်။ " နိုင်ငံတကာ မှာရှိတဲ့ အာဇာနည် ဗိမာန် တွေလို ထည်ထည်ဝါ၀ါ နဲ့ဖြစ်ဖို့ သစ်ပင် ပန်းမံ တို့ကို တဖြည်းဖြည်းချင်း စိုပြေ သာယာ လာအောင် အလေးထား တိုးချဲ့ စိုက်ပျိုး သွားမှာပါ ၊ နောက်ဆို နယ်မှ လာတဲ့ သူတွေ ၊ ကျောင်းသား ကျောင်းသူတွေ အပြင် နိုင်ငံခြားသား များပါ ၀င်ရောက် လေ့လာ ကြမယ်လို့ မျှော်လင့် ပါတယ် .... " ဟု ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ မှ တာဝန်ရှိသူ တစ်ဦးက သူ၏ အမြင်ကို ရှင်းပြ ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment