Pages

Monday, May 20, 2013

မြောက်ကိုရီးယား နိုင်ငံသည် စတုတ္ထမြောက်ဒုံးပျံ တစ်စင်းကို ထပ်မံ စမ်းသပ် ပစ်လွှတ်ခဲ့ခြင်း


KN -02 တာတိုပစ် ဒုံးပျံ
၂၀-၅-၂၀၁၃

မြောက်ကိုရီးယား နိုင်ငံသည် မေလ ၁၈ ရက်နေ့တွင် တာတိုပစ် ဒုံးပျံ ၃ စင်းအား ဂျပန်ပင်လယ် အတွင်းသို့ ပစ်လွှတ် ခဲ့ပြီးနောက် မေလ ၁၉ ရက်နေ့ တွင် တာတိုပစ် ဒုံးပျံတစ်စင်းကို ထပ်မံ စမ်းသပ် ပစ်လွှတ် ခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ၀န်ကြီးဌာန၏ ပြောကြားချက် ကို ကိုးကား၍ Yonhap သတင်းဌာနက ထုတ်ပြန် ကြေညာ ခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယား နိုင်ငံသည် တာတိုပစ် ဒုံးပျံကို ၄င်း၏ အရှေ့ဘက် ကမ်းရိုးတန်း မှနေ၍ ဂျပန်ပင်လယ် အတွင်းသို့ ပစ်လွှတ် ခဲ့ခြင်း ဖြစ်ကြောင်း ၊ ဒုံးပျံ အမျိုးအစား နှင့် ပစ်လွှတ်သည့် အချိန် အတိအကျ ကိုမူ မသိရှိ ရသေးကြောင်း သိရသည်။ သို့သော် မြောက်ကိုရီးယား နိုင်ငံမှ ပစ်လွှတ် ခဲ့သည့် ဒုံးပျံများမှာ ဆိုဗီယက် ခေတ်တွင် အသုံးပြု ခဲ့သည့် SS - 21 ဒုံးပျံကို အဆင့်မြှင့်တင် ထားသည့် KN - 02 မြေပြင်မှ မြေပြင်ပစ် ဒုံးပျံ (သို့မဟုတ်) သင်္ဘောဖျက် ဒုံးပျံ တစ်စင်း ဖြစ်နိုင်ကြောင်း နှင့် ၄င်းဒုံးပျံသည် အကွာအဝေး ၁၂၀ ကီလိုမီတာ အထိ ရောက်ရှိ ပစ်ခတ် နိုင်ကြောင်း အဆိုပါ သတင်းဌာနက ထုတ်ပြန် ပြောကြား ခဲ့သည်။

တောင်ကိုရီးယား ကာကွယ်ရေး ၀န်ကြီးဌာန ကမူ တောင်ကိုရီးယား နိုင်ငံ အနေဖြင့် မြောက်ကိုရီးယား နိုင်ငံအပေါ် စောင့်ကြည့်မှု အား တိုးမြှင့် လုပ်ဆောင် ခဲ့ကြောင်း နှင့် နောက်ထပ် မည်သည့် လှုပ်ရှား ဆောင်ရွက်မှု ကိုမဆို ဖြေရှင်း ဆောင်ရွက် သွားရန် အသင့် ပြင်ဆင် ထားကြောင်း ပြောကြား ခဲ့သည်။ မြောက်ကိုရီးယား နိုင်ငံက စမ်းသပ် ပစ်လွှတ် ခဲ့သော ဒုံပျံ များသည် ၄င်း၏ အရှေ့ဘက် ကမ်းရိုးတန်း မှ ပစ်လွှတ် ခဲ့ခြင်း ဖြစ်နိုင်ကြောင်း နှင့် ဂျပန်ပင်လယ် အတွင်းသို့ ကျရောက် ခဲ့ကြောင်း ထင်ကြေး ပေးမှုများ ပေါ်ထွက်လျက် ရှိသည်။ ဂျပန်နိုင်ငံ ကမူ မြောက်ကိုရီးယား နိုင်ငံက စမ်းသပ် ပစ်လွှတ် ခဲ့သော ဒုံးပျံများသည် ဂျပန် ရေပိုင်နက် အတွင်းသို့ ကျရောက် ခဲ့ခြင်း မရှိကြောင်း အတည်ပြု ပြောကြား ခဲ့သည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကမူ မြောက်ကိုရီးယား နိုင်ငံ၏ တာတိုပစ် ဒုံးပျံများ စမ်းသပ် ပစ်လွှတ်မှု အပေါ် စိုးရိမ် ပူပန်ကြောင်း နှင့် မြောက်ကိုရီးယား နိုင်ငံအား ၄င်း၏ နျူကလီးယား အစီအစဉ် နှင့် ပတ်သက်သော ၆ နိုင်ငံ ဆွေးနွေးပွဲ သို့ ပြန်လည် တက်ရောက်ရန် မေလ ၁၉ ရက်နေ့တွင် တိုက်တွန်း ပြောကြား ခဲ့သည်ဟု သိရှိရသည်။

No comments:

Post a Comment