Pages

Wednesday, February 13, 2013

ဆီးဂိမ်းအကြို " ပြည်ထောင်စုအစိုးရဖလား အားကစားပြိုင်ပွဲ " နေပြည်တော် နှင့် ရန်ကုန်တွင် ကျင်းပမည်


ရန်ကုန် ၊ ၁၃-၂-၂၀၁၃

(၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲကို ၂၀၁၃ ခုနှစ် ၊ ဒီဇင်ဘာ ၁၁ ရက်မှ ၂၂ ရက်နေ့ အထိ နေပြည်တော် ၊ ရန်ကုန် ၊ မန္တလေး နှင့် ငွေဆောင် ကမ်းခြေ တို့တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပ ပြုလုပ် သွားမည် ဖြစ်ပြီး အဆိုပါ အားကစား ပြိုင်ပွဲတွင် အားကစားနည်း ၃၃ မျိုး ထည့်သွင်း ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။

အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲကြီး မကျင်းပမီ အားကစားနည်း ၂၂ မျိုး ပါဝင်မည့် ဆီးဂိမ်းအကြို ပြည်ထောင်စု အစိုးရ အဖွဲ့ဖလား အားကစား ပြိုင်ပွဲကို လာမည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့မှ မတ်လ ၇ ရက်နေ့ အထိ နေပြည်တော် အားကစား ကွင်းများ နှင့် ရန်ကုန်တွင် ကျင်းပ ပြုလုပ် သွားမည် ဖြစ်သည်။ ပြိုင်ပွဲ အားလုံးတွင် ပါဝင်ယှဉ်ပြိုင် ကြပြီး အောင်မြင်မှု ဆုတံဆိပ် ရရှိရေး အားကစား နည်းများ အလိုက် ကြိုးစား လေ့ကျင့်လျက် ရှိကြသည့် ဆီးဂိမ်း ပြိုင်ပွဲဝင် မြန်မာ့ လက်ရွေးစင် အားကစား သမားများ အတွက် အတွေ့အကြုံ ကောင်းများ ရရှိစေမည့် ပွဲကြို ပြိုင်ပွဲ တစ်ရပ်လည်း ဖြစ်သည်။

ပြည်ထောင်စုအစိုးရ ဖလား အားကစား ပြိုင်ပွဲတွင် ပါဝင်မည့် အားကစားနည်း ၂၂ မျိုးမှာ ပြေးခုန်ပစ် ၊ ကြက်တောင် ၊ ဘတ်စကက်ဘော ၊ ဘိလိယက် / စနူကာ ၊ ကာယ ကြံ့ခိုင်မှု ၊ လက်ဝှေ့ ၊ စစ်တုရင် ၊ စက်ဘီး ( Cross Country , Down Hill, BMX , Road Race ) ၊ ဘောလုံး (ကျား - မ) ၊ ဖူဆယ် (ကျား - မ) ၊ ဂျူဒို ၊ ကရာတေး ၊ ပိုက်ကျော်ခြင်း ၊ စားပွဲတင် တင်းနစ် ၊ တိုက်ကွမ်ဒို ၊ တင်းနစ် ၊ ပန်ကြပ် ဆီလတ် ၊ ရိုးရာ လက်ဝှေ့ (မွေ)၊ ဘော်လီဘော ၊ အလေးမ ၊ ၀ူရှူး နှင့် နပန်း တို့ ပါဝင်မည် ဖြစ်သည်။

ပြိုင်ပွဲများကို ၀ဏ္ဏ သိဒ္ဓိ အားကစား ပြိုင်ကွင်း ၊ TC-1 ၊ TC-2 သက်ဆိုင်ရာ လေ့ကျင့်ရေး ကွင်း/ လေ့ကျင့်ရေး ရုံ ၊ Gold Camp (စားရိပ်သာ) ၊ Maunt Pleasant (စက်ဘီးကွင်း) ၊ ပေါင်းလောင်း အားကစားရုံ (ပျဉ်းမနား) တို့တွင် ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး စက်ဘီး ပြိုင်ပွဲ အတွက် TC-1 မှ တာထွက်ပြီး ပင်လောင်းလမ်း - တောင်ကျ ကျေးရွာ နှင့် လိန်းလီ တံတား တွင် ပန်းဝင်မည် ဖြစ်သည်။ ဘောလုံး (ကျား - မ) ပြိုင်ပွဲအား ၀ဏ္ဏ သိဒ္ဓိ ဘောလုံးကွင်း အပြင် ပေါင်းလောင်းကွင်း ၊ လေ့ကျင့်ရေးကွင်း (၁) နှင့် (၂) တို့တွင် ကျင်းပမည် ဖြစ်ကာ ကာယ ကြံ့ခိုင်မှု ပြိုင်ပွဲကို MCC ခန်းမ (ရန်ကုန်) တွင် ကျင်းပ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment