Pages

Tuesday, February 19, 2013

တရုတ်နိုင်ငံသည် ပါကစ္စတန်ရှိ ဆိပ်ကမ်းတစ်ခုကို အသုံးပြုရန် ကြိုးပမ်းလျက်ရှိခြင်း



၁၉-၂-၂၀၁၃

တရုတ်နိုင်ငံသည် ပါကစ္စတန်ရှိ မဟာဗျူဟာ ဆိပ်ကမ်း တစ်ခုကို အသုံးပြုခွင့် ရရှိရေး ကြိုးပမ်းမှုသည် စွမ်းအင် နှင့် ပင်လယ် ရေကြောင်း လုံခြုံမှု ရှိစေရေး ကြိုးပမ်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း နှင့် ၄င်းဆိပ်ကမ်းကို အသုံးပြုခွင့် ရမည်ဆိုပါက တရုတ်နိုင်ငံ အတွက် အာရေဘီယံ ပင်လယ်တွင် ရေတပ် အခြေစိုက် စခန်းတစ်ခု ဖန်တီးပေး သကဲ့သို့ ဖြစ်ဖွယ် ရှိကြောင်း ကျွမ်းကျင် ပညာရှင် များက ပြောကြား ခဲ့သည်ဟု ဖေဖော်ဝါရီ ၁၈ ရက်နေ့ NEWS now သတင်း တစ်ပုဒ်အရ သိရှိရသည်။

ပါကစ္စတန် အစိုးရ အဖွဲ့သည် ၄င်း၏ Gwadar ဆိပ်ကမ်းကို စင်ကာပူ နိုင်ငံ PSA International ကုမ္ပဏီ ထံမှ တရုတ်နိုင်ငံပိုင် Overseas Port Holdings ကုမ္ပဏီ ထံသို့ လွှဲပြောင်း ပေးအပ်ရန် ဇန်န၀ါရီ ၃၀ ရက်နေ့တွင် အတည်ပြု ခဲ့သည်။ ထိုကဲ့သို့ Gwadar ဆိပ်ကမ်းကို လွှဲပြောင်း ပေးလိုက် ခြင်းသည် တရုတ်နိုင်ငံ အနေဖြင့် Karakoram အဝေးပြေး လမ်းမကြီးမှ တစ်ဆင့် အာရေဘီယံ ပင်လယ် နှင့် ဟော်မုဇ် ရေလက်ကြားကို ချိတ်ဆက်ခွင့် ရရှိစေမည် ဖြစ်သည်။ အဆိုပါ Gwadar ဆိပ်ကမ်းကို Karakoram လမ်းမကြီး နှင့် ချိတ်ဆက် အသုံးပြု ခြင်းဖြင့် တရုတ်နိုင်ငံ အနေဖြင့် အာဖရိက နှင့် အရှေ့ အလယ်ပိုင်း ဒေသမှ ရေနံနှင့် သဘာဝ ဓာတ်ငွေ့များ တင်သွင်းသည့် ခရီးလမ်းကြောင်း အကွာအဝေး ကီလိုမီတာ ထောင်ပေါင်း များစွာကို လျော့ချ နိုင်မည် ဖြစ်ကြောင်း ကျွမ်းကျင်သူ ပညာရှင်များက ပြောကြား ခဲ့သည်။

တရုတ်နိုင်ငံသည် အဆိုပါ ဆိပ်ကမ်း ပြင်ဆင် တည်ဆောက်ရေး အတွက် ကနဦး ငွေကြေး အမေရိကန် ဒေါ်လာ သန်း ၂၅၀ အနက် ၇၅ ရာခိုင်နှုန်းကို ပေးဆောင် ခဲ့ပြီး ဖြစ်သည်။ သို့သော် ပါကစ္စတန် သမ္မတ ပါဗက်မူရှာရတ် အစိုးရ လက်ထက် ၂၀၀၇ ခုနှစ်တွင် အမေရိကန် နှင့် ဆက်ဆံရေး ပျက်ပြား မည်ကို မလိုလားသည့် အတွက် အဆိုပါ ဆိပ်ကမ်းကို တရုတ်နိုင်ငံသို့ မပေးဘဲ PSA International ကုမ္ပဏီထံသို့ နှစ် ၄၀ ငှားရမ်း အသုံးပြုခွင့် ပေးထားကြောင်း သိရသည်။ ထို့အပြင် တရုတ်နိုင်ငံသည် နီပေါ နိုင်ငံ အတွင်းရှိ တိဘက် နယ်စပ် အနီးမှ Larcha ဒေသ၌ အမေရိကန် ဒေါ်လာ ၁၄ သန်း ရင်းနှီးမြှုပ်နှံ၍ ဆိပ်ကမ်း တစ်ခုကို တည်ဆောက်လျက် ရှိကြောင်း နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ Sonadia ကျွန်းတွင် အမေရိကန် ဒေါ်လာ ၅ ဘီလီယံ ရင်းနှီး မြှုပ်နှံ၍ ရေနက်ဆိပ်ကမ်း တစ်ခု တည်ဆောက်ရေး စိတ်ဝင်စားလျက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment