Pages

▼

Friday, February 1, 2013

ဗီဇာကတ်ဖြင့် နိုင်ငံတကာ ငွေပေးချေမှု စနစ်စတင်


ရန်ကုန် ၊ ၁-၂-၂၀၁၃

ဗီဇာ ( VISA ) ကတ်ဖြင့် ပထမဆုံး ငွေပေးချေမှု အား စတင် မိတ်ဆက်သည့် အခမ်းအနား ကို ယမန်နေ့ မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်မြို့ ၊ ကမာရွတ် မြို့နယ် ၊ သီရိ မင်္ဂလာလမ်း ရှိ Green Elephant စားသောက်ဆိုင် ၌ ကျင်းပ ပြုလုပ်ရာ မြန်မာနိုင်ငံတော် ဆိုင်ရာ အမေရိကန် သံအမတ်ကြီး H.E. Mr. Derek Mitchell ၊ မြန်မာ အရှေ့တိုင်းဘဏ် မှ တာဝန်ရှိ သူများ ၊ Green Elephant စားသောက်ဆိုင် မှ တာဝန်ရှိ သူများ ၊ ပြည်တွင်း ပြည်ပမှ သတင်း မီဒီယာများ ၊ ဖိတ်ကြား ထားသူများ တက်ရောက် ကြကြောင်း သိရသည်။

အဆိုပါ မိတ်ဆက်ပွဲ တွင် ဗီဇာကတ် ဒေသဆိုင်ရာ မန်နေဂျာ Mr. Somboon က ယခုကဲ့သို့ ပထမဦးဆုံး ဗီဇာကတ် အသုံးပြု နိုင်မှုသည် မြန်မာနိုင်ငံ ၌ အီလက် ထရောနစ် ငွေပေးချေမှု စနစ် ဖြစ်ထွန်းရေး အတွက် ပထမ ခြေလှမ်း ဖြစ်ကြောင်း ၊ ဒီလို ပေးချေမှု စနစ်သည် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း တိုးမြှင့်ရေး ကို အားပေး ရာရောက် သည့်အပြင် ငွေပေးချေမှု ကိုလည်း အဆင်ပြေ လွယ်ကူ ချောမွေ့ စေမည် ဖြစ်ကြောင်း ၊ ၂၀၁၂ ခုနှစ်တွင် ကမ္ဘာလှည့် ခရီးသွားများ ၅၀ ရာခိုင်နှုန်း ကျော် တိုးမြင့် ခဲ့သည်ဟု သိရကြောင်း ၊ ယခုနှစ် အတွင်း ကျင်းမမည့် ကမ္ဘာ့ စီးပွားရေး ဖိုရမ် နှင့် အရှေ့တောင် အာရှ အားကစားပွဲ မတိုင်မီ ဤလုပ်ငန်းကို စတင် နိုင်ခဲ့သည့် အတွက် ဟိုတယ်များ ၊ စားသောက်ဆိုင်များ ၊ လက်လီ လုပ်ငန်းရှင် များအတွက် များစွာ အကျိုးရှိမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဗီဇာကတ်ဖြင့် ငွေပေးချေမှု သည် ကုန်သည်နှင့် စားသုံးသူ များအား များစွာ အဆင်ပြေ စေကြောင်း ၊ ဒီလို ထူးခြားသည့် သမိုင်း မှတ်တိုင် တစ်ရပ် စိုက်ထူ နိုင်သည့် အတွက် များစွာ ဂုဏ်ယူ ပါကြောင်း ၊ မြန်မာ အရှေ့တိုင်း ဘဏ်သည် ၁၉၉၅ ခုနှစ်တွင် ခရက်တစ်ကတ် ကို ပထမဆုံး ထုတ်ဝေခဲ့ပြီး ယခု စီးပွားရေး ပြန်ဖွင့်သည့် အခါ ပထမဆုံး ဗီဇာကတ် အသုံးပြု ခွင့် ရသည့် ဘဏ်ဖြစ်သည့် အတွက် ဂုဏ်ယူ ပါကြောင်း ၊ ဗီဇာ နှင့် ပူးပေါင်း ဆောင်ရွက်ခြင်း ဖြင့် အလှမ်းဝေးသည့် နိုင်ငံတကာ ငွေပေးချေမှု စနစ် နယ်ပယ်ကို လက်လှမ်းမီ တော့မည် ဖြစ်ကြောင်း ၊ ၄င်းလုပ်ငန်းသည် မြန်မာ့ စီးပွားရေး တိုးမြှင့်မှုကို များစွာ အထောက်အကူ ပြုမည်ဟု ထင်မြင် ပါကြောင်း အရှေ့တိုင်းဘဏ် မှ ဒေါ်ကြည်ကြည်သန်း က ပြောကြား ခဲ့သည်။

ငွေပေး ချေသည့် Point of Sale ( POS ) စက်လေးတွင် ဗီဇာကတ် ကို တစ်ချက် ဆွဲလိုက်ရုံဖြင့် နိုင်ငံတကာ ငွေပေးချေ မှုကို လွယ်လင့်တကူ ဆောင်ရွက် နိုင်မည် ဖြစ်သည်။ မကြာမီ နိုင်ငံ အ၀န်းရှိ အလိုက်အလျှောက် ငွေထုတ် စက်များတွင် ဗီဇာကတ်ကို တွင်တွင် ကျယ်ကျယ် အသုံးပြု နိုင်တော့မည် ဖြစ်ရာ ကမ္ဘာရှည့် ခရီးသွား များအတွက် များစွာ အဆင်ပြေ စေမည် ဖြစ်ပြီး မြန်မာ နိုင်ငံ၌ ဗီဇာကတ်ဖြင့် နိုင်ငံတကာ ငွေပေးချေမှု စနစ်ကို ယနေ့ မိတ်ဆက် အခမ်းအနား ပြုလုပ်သည့် Green Elephant စားသောက်ဆိုင် ၌ ဗီဇာ ( VISA ) ဖြင့် ပူးပေါင်း ဆောင်ရွက်သည့် မြန်မာ အရှေ့တိုင်းဘဏ် မှ တာဝန် ရှိသူတို့က လက်တွေ့ သရုပ်ပြကာ ပထမဆုံး ငွေပေးချေ ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment