Pages

Wednesday, November 7, 2012

ရန်ကုန်မြို့တွင် ပေါက်ကွဲစေတတ်သော ပစ္စည်းများနှင့် ဂက်စ်အိုး ရောင်းချသည့် ဆိုင်များမရှိရေး ကွင်းဆင်းစစ်ဆေး



ရန်ကုန် ၊ ၇-၁၁-၂၀၁၂

ရန်ကုန်မြို့တော် အား အခြားနိုင်ငံ၏ မြို့တော်များ နည်းတူ ခေတ်မီ ဖွံ့ဖြိုး တိုးတက် သာယာလှပ စေရေးအတွက် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီသည် သက်ဆိုင်ရာ ဌာနအသီးသီး နှင့်အတူ ပူးပေါင်းကာ ဘက်ပေါင်းစုံ ပြုပြင် တည်ဆောက်လျက် ရှိကြောင်း သိရသည်။

ထိုသို့ ကြိုးပမ်း ဆောင်ရွက်ရာတွင် များစွာသော အခက်အခဲ အဆီးအတား များကိုလည်း ရင်ဆိုင်ကျော်ဖြတ် လျက်ရှိရာ ယင်း အခက်အခဲ များအနက် မီးဘေး အန္တရာယ် နှင့် မီးလောင်ဆုံးရှုံး မှုများသည် မြို့ပြ၏ တိုးတက် ဖွံ့ဖြိုးမှုအား အဓိက စိန်ခေါ်လျက်ရှိသော အဟန့်အတား တစ်ရပ်ဖြစ်ပြီး မီးဘေး အန္တရာယ်ကြောင့် အသက် ဆုံးရှုံးမှု ၊ နိုင်ငံတော်ပိုင် နှင့် ပုဂ္ဂလိကပိုင် နေအိမ် တိုက်တာ အဆောက်အဦး ဆုံးရှုံးမှုများ ကြုံတွေ့ နေရသည်။ အဆိုပါ မီးလောင် ဆုံးရှုံးမှု ဖြစ်စဉ်များကို လေ့လာ ဆန်းစစ်ပါက သဘာဝ ဘေးအန္တရာယ် ကြောင့်လည်းကောင်း ၊ လူတို့၏ ပေါ့ဆမှုကြောင့် လည်းကောင်း ဖြစ်ပွားလျက် ရှိသည်ကို တွေ့ရှိရပြီး လူတို့၏ ပေါ့ဆမှု ဖြစ်သော လျှပ်စစ်မီး ပေါ့ဆမှု ၊ မီးကြွင်း မီးကျန်များ ပေါ့ဆမှု ၊ စက်သုံးဆီ ၊ လောင်စာဆီ များပေါ့ဆစွာ သိုလှောင် ရောင်းဝယ်မှု ၊ ပေါက်ကွဲ စေတတ်သော ပစ္စည်းများ သိုလှောင် ရောင်းဝယ်မှု ၊ ဂက်စ်အိုးများအား ဂက်စ်အရည် များနှင့် ဆက်စပ် ရောင်းချမှု တို့ကို ပြည်သူ တစ်ရပ်လုံးမှ အစဉ် သတိရှိရှိဖြင့် ကြိုတင် တားဆီး သွားရန် လိုအပ်မည် ဖြစ်သည်။ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အနေဖြင့်လည်း မီးဘေးအန္တရာယ် ဖြစ်စေနိုင်သည့် ပေါက်ကွဲ စေတတ်သော ပစ္စည်းများနှင့် ဂက်စ်အိုး ရောင်းချသည့် ဆိုင်များ (အရည်များ နှင့် ဆက်စပ်) အား ရန်ကုန်မြို့တွင် ရောင်းချမှု မရှိစေရေး မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး များက ကွင်းဆင်း စစ်ဆေး ကြပ်မတ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ကွင်းဆင်း ဆောင်ရွက်မှုအရ မြို့တွင်း ၃၂ မြို့နယ်အတွင်း ပစ္စည်း သိုလှောင် (၁)ဆိုင် ၊ မီးဖို ၊ အပိုပစ္စည်း ၊ ဂဟေဆက် နှင့် အရည်ဖြည့် (၁၃၀)ဆိုင် ၊ ဂက်စ်အိုး အရောင်းဆိုင် (၃) ဆိုင် ၊ ပရဆေး သိုလှောင်ရုံ (၁)ရုံ တို့အား စစ်ဆေး တွေ့ရှိရပြီး မီးဖို ၊ အပိုပစ္စည်း ၊ ဂဟေဆက် နှင့် အရည်ဖြည့် (၁၃၀) ဆိုင်အနက်  မြို့တွင်း (၆) မြို့နယ်၌ လသာမြို့နယ်တွင် (၂) ဆိုင် ၊ လမ်းမတော် မြို့နယ်တွင် (၁)ဆိုင် ၊ ပန်းဘဲတန်း မြို့နယ်တွင် (၂)ဆိုင် ၊ ကျောက်တံတား မြို့နယ်တွင် (၃)ဆိုင် ၊ ပုဇွန်တောင် မြို့နယ်တွင် (၅)ဆိုင် ၊ ဗိုလ်တထောင် မြို့နယ်တွင် (၂)ဆိုင် ၊ ပေါင်း (၁၅)ဆိုင် ရောင်းချလျက် ရှိကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့် မြို့နယ် ၊ ကူးတို့ဆိပ် ရပ်ကွက်တွင် သိုလှောင် ထားသော ပရဆေး ပစ္စည်းများ မီးလောင် ပေါက်ကွဲမှုကြောင့် တာဝန်ကျ မီးသတ်ရဲဘော်များ သေဆုံးခဲ့ရပြီး မီးလောင်ကျွမ်းမှု ဖြစ် စဉ် ဖြစ်ပွားခြင်း ၊ လမ်းမတော် မြို့နယ် အမှတ်(၁) ရပ်ကွက်တွင် ဂက်စ်အိုး ရောင်းချသည့် ဆိုင်မှ မီးလောင်မှု ဖြစ်စဉ် ဖြစ်ပွားခြင်းများ ဖြစ်ပေါ်ခဲ့ကာ ယင်းသိုလှောင်မှု များသည် သာမန် မီးလောင်မှု အပြင် ပြင်းထန်စွာ ပေါက်ကွဲမှုများ ပါဖြစ်စေကြောင်း တွေ့မြင် သိရှိရသည့် အတွက် " မိမိ အကျိုးစီးပွား တစ်ရပ် အတွက်သာ မကြည့်ဘဲ အများ ပြည်သူများ၏ အကျိုးစီးပွား နှင့် ဘေးအန္တရာယ် ကိုပါ ကြည့်ရှု၍ ရောင်းဝယ် လုပ်ကိုင် ဆောင်ရွက် ကြစေလိုကြောင်း " မြို့တော်နေ ပြည်သူများမှ ပြောဆိုလျက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment