Pages

Tuesday, November 6, 2012

ရွှေတိဂုံစေတီတော် မသိုးသင်္ကန်းရက်လုပ် ကပ်လှူပွဲနှင့် တန်ဆောင်တိုင် မီးထွန်းပွဲတော် စည်ကားစွာ ကျင်းပမည်




ရန်ကုန် ၊ ၆-၁၁-၂၀၁၂

လေးဆူဓာတ်ပုံ ရွှေတိဂုံ စေတီတော်မြတ် ကြီး၏ ၂၈ ကြိမ်မြောက် မသိုးသင်္ကန်း ယှဉ်ပြိုင်ရက်လုပ် ကပ်လှူ ပူဇော်ပွဲအား နိုဝင်ဘာ ၂၈ ရက် (၁၃၇၄ ခုနှစ် ၊ တန်ဆောင်မုန်း လပြည့်) နေ့ အရုဏ်တက် ချိန်တွင် အာရုံခံ တန်ဆောင်း များအတွင်းရှိ ဘုရားလေးဆူ နှင့်တကွ အထက် ပစ္စယာ ပတ္တမြား မျက်ရှင် ရုပ်ပွားတော် ၊ ရင်ပြင်တော် ပေါ်ရှိ ဘုရား ရုပ်ပွားတော် များကို မသိုးသင်္ကန်း တော်များ ဆက်ကပ် လှူဒါန်း ပူဇော်မည် ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ ၂၇ ရက်နေ့ (တန်ဆောင်မုန်း လဆန်း ၁၄ )ရက် ညနေ ၄ နာရီမှ စတင်ကာ လှည့်လည် ပူဇော်ပွဲများ ကျင်းပပြီး စေတီတော်မြတ်ကြီး ၏ ရာဟုထောင့်ရှိ အောင်မြေ၌ မသိုးသင်္ကန်းတော် များယှဉ်ပြိုင် ရက်လုပ်ပွဲ အခမ်းအနားကို စတင် ဖွင့်လှစ် ကျင်းပမည် ဖြစ်သည်။ တစ်ဆက်တည်းပင်  တန်ဆောင်တိုင် မီးထွန်းပွဲတော်ကို ရာဟုထောင့်ရှိ ပြတိုက် / ပြခန်း ရှေ့မျက်နှာစာ နှင့် အလယ်ပစ္စဟာ ရာဟုထောင့် ပုံတော်စေတီ အနီးတစ်ဝိုက်တွင် ကျင်းပမည် ဖြစ်ပြီး တန်ဆောင်မုန်း လပြည့်နေ့ နံနက် ၁ နာရီတွင် မသိုးသင်္ကန်း ရက်လုပ်ပြိုင်ပွဲ၌ ဆုရရှိသော အသင်းများနှင့် ပါဝင်ယှဉ်ပြိင်သော အသင်းများအား ဆုချီးမြှင့် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ မသိုးသင်္ကန်း ပြိုင်ပွဲတွင် ပထမဆု ၊ ဒုတိယဆု ၊ တတိယဆု နှင့် နှစ်သိမ့်ဆု များ ပေးအပ်မည် ဖြစ်ပြီး ပထမဆု ကျပ်သုံးသိန်း ၊ ဒုတိယဆု ကျပ်နှစ်သိန်း ငါးသောင်း ၊ တတိယဆု ကျပ်နှစ်သိန်း နှင့် နှစ်သိမ့်ဆု များအား ကျပ်တစ်သိန်း ငါးသောင်း သတ်မှတ်ကာ ချီးမြှင့် ပေးအပ် သွားမည် ဖြစ်ကြောင်း ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့ တာဝန်ရှိသူထံမှ သိရှိရသည်။

No comments:

Post a Comment