Pages

Friday, October 19, 2012

မီးအသုံးပြု ပလက်ဖောင်းဈေးသည်များ အန္တရာယ်ဇုန်ကို ရှောင်ကြဉ်ပါ



၁၉-၁၀-၂၀၁၂

ရန်ကုန်တိုင်း ဒေသကြီးအတွင်း မြို့နယ်အသီးသီး၌ ပလက်ဖောင်း ဈေးသည်များကို မြင်တွေ့ နေရသည်။ အချို့သော ပလက်ဖောင်း ဈေးသည်များမှာ သက်ဆိုင်ရာမှ ထုတ်ပြန်ထားသော စည်းကမ်းများကို တလေးတစား လိုက်နာ ဆောင်ရွက်ကြသည်။ အချို့သော ပလက်ဖောင်း ဈေးသည်များကမူ စည်းကမ်း လိုက်နာမှု အားနည်းလျက် ရှိသည်။

ပလက်ဖောင်း အပေါ်တွင် ဈေးရောင်းချ နေသော ပျံကျဈေးသည် အမျိုးမျိုးရှိသည်။ အချို့မှာ နာရီ ၊ အ၀တ်အထည် ၊ ကလေးကစားစရာ နှင့် ကွမ်းယာဆိုင် များဖြစ်သည်။ အချို့သော ဈေးသည်များမှာ မီးအသုံးပြု၍ ချက်ပြုတ် ကြော်လှော်ပြီး စားသောက်ဖွယ်ရာများ ရောင်းချနေသော ဈေးသည်များ ဖြစ်သည်။

ယခုအခါ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ အချို့သော မြို့နယ်များ၏ မြေအောက်တွင် ဓာတ်ငွေပိုင်လိုင်းများ သွယ်တန်း ဖောက်လုပ် ထားသည်။ အချို့သော ဓာတ်ငွေ့ပိုက်လိုင်းမှာ ဓာတ်ငွေ့ ယိုစိမ့်မှုများ ရှိနေသည်။ ယင်းကဲ့သို့ ယိုစိမ့်နေသော နေရာအနီး တစ်ဝိုက်တွင် မီးအသုံးပြု၍ စားသောက်ဖွယ်ရာများ ရောင်းချနေသော ပလက်ဖောင်း ဈေးသည်များမှာ အန္တရာယ်ကို လက်ယပ်ခေါ် နေ သလို ဖြစ်နေသည်။

စင်စစ်။ မြေအောက်ထဲမှ ဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှု ဖြစ်ပေါ်နေသည်ကို မည်သူမှ မသိနိုင်ပါ။ ယင်း အနီးတစ်ဝိုက်တွင် မီးအသုံးပြု၍ ချက်ပြုတ် ၊ ကြော်လှော် ရောင်းချနေသော ပလက်ဖောင်း ဈေးသည်များ လည်း မသိပါ။ ထို့ကြောင့် အမှုမဲ့ အမှတ်မဲ့နှင့် မီးမွှေးလိုက် သောအခါ ယိုစိမ့်နေသော ဓာတ်ငွေ့နှင့် ထိတွေ့ပြီး မီးလောင်မှု ဖြစ်ပွားခဲ့သော သာဓကတစ်ခု လှိုင်သာယာမြို့နယ်၌ ဖြစ်ပွားခဲ့သည်။ အဆိုပါ ပလက်ဖောင်း ဈေးသည်မှာ ၀တ်သားတုတ်ထိုး ရောင်းချနေသော ဈေးသည်ဖြစ်သည်။ ၀က်သားတုတ်ထိုး ဈေးဆိုင်နှင့် မလှမ်း မကမ်းရှိ မြေအောက်ထဲမှ ဓာတ်ငွေံပိုက်လိုင်းမှာ ယိုစိမ့်မှု ဖြစ်ပေါ်နေသည်ကို အသိဘဲ မီးမွှေးစဉ် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် မီးအသုံးပြုပြီး စားသောက်ဖွယ်ရာများ ရောင်းချနေသော ပလက်ဖောင်း ဈေးသည်များသည် မိမိရောင်းချသော ဈေးဆိုင်ဝန်းကျင်တွင် မြေအောက်၌ ဓာတ်ငွေ့ပိုက်လိုင်းများ သွယ်တန်း ဖောက်လုပ် ထားမှု ရှိ-မရှိ သိရှိရန် လိုအပ်ပေသည်။ ထို့အတူ မြေအောက်၌ ဓာတ်ငွေ့ပိုက်လိုင်းများ တည်ရှိနေလျှင် ထိုနေရာ အနီးတစ်ဝိုက်တွင် မီးအသုံးပြုသော စားသောက်ဖွယ်ရာ ဆိုင်များ မရောင်းချ သင့်ပါ။ ရှောင်ကြဉ်သင့်ပါသည်။

အလားတူ သက်ဆိုင်ရာ ဌာန တာဝန်ရှိသူတို့ကလည်း မြေအောက်၌ ဓာတ်ငွေ့ပိုက်လိုင်းများ သွယ်တန်း ဖောက်လုပ်ထားမှု ရှိလျှင် အန္တရာယ်ဇုန် အဖြစ် ကြိုတင် အသိပေး ဆိုင်းဘုတ်များကို လူအများ မြင်တွေ့အောင် စိုက်ထူသတိပေး တားမြစ်ရန် လိုအပ်ပါသည်။ လိုအပ်ပါက စည်းကမ်း ထိန်းသိမ်းမှု များ ဆောင်ရွက်သင့်ပါသည်။

ပလက်ဖောင်း ဈေးသည်များကလည်း သက်ဆိုင်ရာဌာနမှ ကြိုတင် အသိပေးထားသော အန္တရာယ်ဇုန် (ဓာတ်ငွေ့ပိုက်လိုင်းများ) အနီးတစ်ဝိုက်တွင် မီးအသုံးပြု စားသောက်ဖွယ်ရာများ ရောင်းချခြင်းမှ ရှောင်ကြဉ် သင့်ပါသည်။

မြန်မာမှု နယ်ပယ်တွင် မီးဘေးရှောင် မလောင်ခင်ကတား ဟူသော ဆောင်ပုဒ်စကား ရှိသည်။ ယခုအခါ ခြောက်သွေ့သော ပွင့်လင်းရာသီသို့ ရောက်စပြု လာပြီဖြစ်ရာ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့မှ ဈေးများတွင် လက်တွေ့ မီးငြိမ်းသတ်မှု သရုပ်ပြပွဲများ ဆောင်ရွက် နေကြသည်။

ထို့ကြောင့် ပလက်ဖောင်း ဈေးသည်များကလည်း မိမိကြောင့် မီးလောင်မှု မဖြစ်ပွားစေရန် ဓာတ်ငွေ့ပိုက်လိုင်းများ အနီး၌ ဈေးရောင်းချခြင်း မပြုရန် အသိပေး ရေးသား တင်ပြလိုက်ပါသည်။

မောင်သုည (သတင်းမှတ်စု)

No comments:

Post a Comment