Pages

Wednesday, April 3, 2019

သင်္ကြန် ကာလအတွင်း ပါရမီမြို့တွင်း ခရီးသည် ပို့ဆောင်ရေးမှ ယာဉ်အစီးရေ ၂ဝ ရာခိုင်နှုန်း ပြေးဆွဲ ပေးနိုင်ရန် စီစဉ်ထား

သင်္ကြန် ကာလအတွင်း ပါရမီမြို့တွင်း ခရီးသည် ပို့ဆောင်ရေးမှ ယာဉ်အစီးရေ ၂ဝ ရာခိုင်နှုန်း ပြေးဆွဲ ပေးနိုင်ရန် စီစဉ်ထား
-
သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့တွင်း ခရီးသွားများ အဆင်ပြေလွယ်ကူစွာသွားလာနိုင်စေရန် ဗန္ဓုလသယ်ယူ ပို့ဆောင်ရေး အောက်ရှိ ပါရမီမြို့တွင်း ရီးသည်ပို့ဆောင်ရေးလုပ်ငန်း YBS လက်ရှိ ပြေးဆွဲပေးနေသည့် မော်တော်ယာဉ်များ၏ ၂ဝ ရာခိုင်နှုန်းကို ပြေးဆွဲပေးနိုင်ရန် စီစဉ်ထားကြောင်း ပါရမီမြို့တွင်း ခရီးသည် ပို့ဆောင်ရေးလုပ်ငန်း YBS ဒါရိုက်တာ ဦးမင်းနိုင်၏ ပြောဆိုချက်အရ သိရသည်။
-
အဆိုပါ ပါရမီမြို့တွင်းခရီးသည် ပို့ဆောင်ရေးလုပ်ငန်း YBS တွင် မော်တော်ယာဉ် စုစုပေါင်း ၃၆၂ စီးရှိပြီး ယာဉ်အားလုံးသည် City Bus များဖြစ်ကြသည်။ လက်ရှိတွင် YBS ၁၂၊ YBS ၁၃၊ YBS ၁၄၊ YBS ၂၅၊ YBS ၃ဝ၊ YBS ၃၈ နှင့် YBS ၅၅ ဟူ၍ ယာဉ်လိုင်းခုနစ်လိုင်းမှ ယာဉ်အစီးရေ ၃၁၄ စီးပြေးဆွဲ ပေးနေပြီး အရန်အဖြစ် ၄၈ စီးထားရှိကြောင်း၊ အဆိုပါယာဉ်လိုင်းများအနက် YBS ၁၃ နှင့် YBS ၅၅ သည် ယာဉ်စီးခငွေကျပ် ၁ဝဝ ပိုင်းဖြတ်လိုင်း ဖြစ်ပြီး အဲကွန်းများ တပ်ဆင်ရန် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကျန်ယာဉ်လိုင်းငါးလိုင်းသည် ငွေကျပ် ၂ဝဝ ပုံသေလိုင်း အဲကွန်းဘတ်စ်များ ဖြစ်ကြောင်း သိရသည်။
-
''ကျွန်တော်တို့ မနှစ်ကသင်္ကြန်မှာ ၃ဝ ရာခိုင်နှုန်း ပြေးဆွဲပေးပါတယ်။ ဒီနှစ်မှာ ၁ဝ ရာခိုင်နှုန်း လျှော့ပြီး ၂ဝ ရာခိုင်နှုန်းပဲ ပြေးဆွဲဖို့ စီမံထားပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ယာဉ်သွားတဲ့လမ်းကြောင်းတွေပေါ်မှာ ဒီနှစ်ဆိုရင်လမ်းလျှောက်သင်္ကြန်လည်းပါလာတယ်။ မဏ္ဍပ်တွေရောလမ်းလျှောက်သင်္ကြန်ပါ ပါလာတဲ့အတွက် ယာဉ်လမ်းကြောင်း ပြောင်းပြီးတော့ ကြိုးစား ပြေးဆွဲပေးမှာပါ။အကယ်၍ အဲဒါမှအဆင်မပြေဘူးဆိုရင် မနှစ်ကလိုပဲ နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ပြေးဆွဲပေးမယ်။ နေ့လယ်ပိုင်းက သူတို့ပျော်ရွှင်နေတဲ့ အချိန်ဆိုတော့ ကျွန်တော်တို့ လုပ်ပေးနိုင်မယ့် အနေအထားမရှိဘူး။ လောလောဆယ် ကျွန်တော်တို့ လျာထားတာ ၂ဝ ရာခိုင်နှုန်းဆိုတော့ အကြမ်းဖျင်း တွက်မယ်ဆိုရင် ယာဉ်လိုင်း တစ်လိုင်းကို ငါးစီးကနေ ၁ဝ စီးကြား ပြေးဆွဲဖို့ ရည်ရွယ်ထားပါတယ်။ လက်ရှိအနေအထားမှာမဏ္ဍပ်တွေလည်း မဆောက်သေးတော့ မသိရသေးဘူး။မဏ္ဍပ်ရဲ့အရွယ်အစားပေါ်မူတည်ပြီး ကျွန်တော်တို့လမ်းကြောင်းပြောင်းရမယ့် အနေအထားလေးတွေတော့ ရှိပါတယ်'' ဟု ဦးမင်းနိုင်က ပြောသည်။
-
ပါရမီမြို့တွင်း ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း YBS တွင်ပါဝင်သည့် YBS ၁၂ သည် မြောက်ဒဂုံ ၅ဝ ကွေ့မှ ဆူးလေဘုရားအထိလည်းကောင်း၊ YBS ၂၅ သည် ဒဂုံတက္ကသိုလ်မှ ဘိုကလေးဈေးအထိလည်းကောင်း၊ YBS ၃ဝ သည် ဒဂုံတက္ကသိုလ်မှ သခင်မြပန်းခြံအထိလည်းကောင်း၊ YBS ၁၃ သည် ပါရမီကားဝင်းမှ ဗိုလ်တထောင်ဘုရား အထိလည်းကောင်း၊ YBS ၁၄ သည် ပါရမီကားဝင်းမှသခင်မြပန်းခြံအထိ လည်းကောင်း၊ YBS ၃၈ သည် ပါရမီကားဝင်းမှ သီရိမင်္ဂလာဈေးသစ်အထိ လည်းကောင်း၊ YBS ၅၅ သည် ပါရမီကားဝင်းမှ သခင်မြ ပန်းခြံအထိ လည်းကောင်းအသီးသီး ပြေးဆွဲပေးလျက်ရှိပြီး ယာဉ်များအားလုံးတွင် YBO မှ တပ်ဆင်ထားသည့် Tele Matic System အပြင် CCTV လေးလုံးနှင့် GPS တစ်ခုတို့ကိုလည်း ဌာနမှ တပ်ဆင်ထားကာ ခရီးသည် လုံခြုံရေးနှင့် စည်းကမ်းမလိုက်နာသည့် ယာဉ်မောင်းများအား ကြီးကြပ်ထိန်းချုပ်ပေးလျက်ရှိကြောင်း သိရသည်။
-
ပါရမီမြို့တွင်း ခရီးသည် ပို့ဆောင်ရေးလုပ်ငန်း YBS ယာဉ်လိုင်း အများစုသည် တက္ကသိုလ်ကျောင်းကို အခြေပြုထားသည့် ယာဉ်လိုင်းများ ဖြစ်သည့်အတွက်ယာဉ်ပေါ်တွင် ကျောင်းနှင့်ပတ်သက်သည့် ပစ္စည်းများရံဖန်ရံခါ တွေ့ရှိရကြောင်း၊ ယင်းကျန်ရှိပစ္စည်းများအား ယာဉ်မှူးများ တွေ့ရှိပါက ပြန်လည်ပေးအပ်ပြီး ယာဉ်ပေါ်တွင် ကျန်ရှိခြင်းမရှိဘဲ ပျောက်ဆုံးသူများအတွက်လည်း CCTV မှတ်တမ်းများ ကြည့်ရှုလိုပါကပါရမီယာဉ်ဝင်း အတွင်းရှိ သက်ဆိုင်ရာဌာနသို့ သွားရောက်ကြည့်ရှုနိုင်ရန် ဝန်ဆောင်မှု တစ်ရပ်အနေဖြင့် ဆောင်ရွက် ပေးထားကြောင်းသိရသည်။ 
-
ဝန်းရံခ
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment