Pages

Tuesday, April 9, 2019

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီ ပထမအကြိမ် ညှိနှိုင်း အစည်းအဝေး ကျင်းပ

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီ ပထမအကြိမ်  ညှိနှိုင်း အစည်းအဝေး ကျင်းပ
-
နေပြည်တော်  ဧပြီ  ၈ 
-
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာ ကော်မတီဆောင် I-20 ၌ကျင်းပသည်။ 
-
အစည်းအဝေးတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင်က ရခိုင်ပြည်နယ် အတွင်းဖြစ်ပွားလျက်ရှိသည့်ပဋိပက္ခများသည် ရခိုင်ပြည်နယ် အတွက်သာမက ပြည်ထောင်စုတစ်ရပ်လုံး၏ အရေးကြီးသည့် ပဋိပက္ခဖြစ်ကြောင်း၊ မိမိတို့ ကော်မတီအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသည့်ပဋိပက္ခများကိုလျော့ကျသွားစေရန် ရခိုင် ပြည်နယ်ရှိ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဒေသခံ ပုဂ္ဂိုလ်များနှင့်တွေ့ဆုံဆွေးနွေး၍ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ထိုသို့တွေ့ဆုံဆွေးနွေးရာမှရရှိလာသည့် အခြေခံအချက်အလက်များကိုမူတည်၍ ရေတိုရေရှည်ဆောင်ရွက် ရမည့်လုပ်ငန်းများကို ပြည်ထောင်စုအစိုးရသို့ အစီရင်ခံစာ ရေးသားတင်ပြသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ 
-
ထို့နောက် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီ ဒုတိယ ဥက္ကဋ္ဌများဖြစ်ကြသည့် ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီး ရခိုင် တိုင်းရင်းသား ရေးရာ ဝန်ကြီး ဦးဇော်အေးမောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်းနှင့် ဦးညီလှငယ်တို့ကရခိုင်ပြည်နယ်အတွင်းဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများ အမြန်ဆုံး လျော့ကျ၍ ရခိုင်ပြည်နယ် တစ်ခုလုံးတည်ငြိမ် အေးချမ်းပြီး ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရေတိုရေရှည်ဆောင်ရွက်ရမည့်စီမံချက်လုပ်ငန်းများနှင့်စပ်လျဉ်း၍ အကြံပြု ဆွေးနွေးကြသည်။ 
-
အဆိုပါညှိနှိုင်းအစည်းအဝေးသို့ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးအထောက် အကူပြုကော်မတီ ဒုတိယ ဥက္ကဋ္ဌများ၊ ကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။ 
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment