Pages

Tuesday, March 5, 2019

မြောင်းမြတံတားအသစ်တည်ဆောက်မှု ၉ဝ ရာခိုင်နှုန်း ပြီးစီးနေ၍ မော်တော်ယာဉ်များ စတင် ဖြတ်သန်းခွင့်ပြုပြီး တံတား ခံနိုင်ဝန်ကို စမ်းသပ်မည်

မြောင်းမြတံတားအသစ်တည်ဆောက်မှု ၉ဝ ရာခိုင်နှုန်း ပြီးစီးနေ၍ မော်တော်ယာဉ်များ စတင် ဖြတ်သန်းခွင့်ပြုပြီး တံတား ခံနိုင်ဝန်ကို စမ်းသပ်မည်
-
မြောင်းမြ မတ် ၄ 
-
ပုသိမ်မြို့နှင့် မြောင်းမြမြို့ကို ဆက်သွယ်ထားသည့် မြောင်းမြတံတား အသစ်တည်ဆောက်မှုသည် လက်ရှိ ၉ဝ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်၍ ယခုလ တတိယပတ်တွင် မော်တော်ယာဉ်များ စတင်ဖြတ်သန်းခွင့်ပြုပြီး တံတားခံနိုင်ဝန်အား စမ်းသပ်မည်ဖြစ်ကြောင်း အဆိုပါ တံတား စီမံကိန်းတာဝန်ခံ ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားဦးစီးဌာနတည်ဆောက်ရေးအဖွဲ့(၁)မှ ညွှန်ကြားရေးမှူး (မြို့ပြ)ဦးမျိုးဝင်း၏ ပြောကြားချက်အရ သိရသည်။ မတ် ၃ဝ ရက်တွင် ကုန်တင်ယာဉ်များဖြင့် သတ်မှတ်တန်ချိန်များ တင်ဆောင်၍ စမ်းသပ်ဖြတ်သန်းကာ တံတားခံနိုင်ဝန်အား စမ်းသပ်မည်ဖြစ်သည်။ 
-
ယင်းတံတား အသစ်ကို တံတားအဟောင်း မကျိုးပျက်မီ ၂ဝ၁၇ ခုနှစ် မေ ၁ ရက်မှစ၍ တံတားအဟောင်း၏ ရေစုန်ဘက်အခြမ်း ၄၆ ပေအကွာတွင်စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ တံတားအသစ်သည် ၈ဝ မီတာ (၂၇၂၃ ဒသမ၂၃ ပေ) အရှည်ရှိပြီး ယာဉ်သွားလမ်း ၃၄ ပေနှင့် လူသွား လမ်းအကျယ်၂၈ ပေရှိ၍ ခွင့်ပြုတန်ချိန် ၆ဝ သတ်မှတ်ထားသည်။ ''ဒီတံတားအသစ်ကို ဂျပန်နဲ့မြန်မာအင်ဂျင်နီယာတွေ ပူးပေါင်းပြီးဂျပန်နည်းပညာနဲ့ တည်ဆောက်နေတာပါ။ အခု ၉ဝ ရာခိုင်နှုန်း ပြီးစီးနေပါပြီ။ ဖွင့်လှစ်မယ့်ရက်ကိုတော့ မပြောနိုင်သေးဘူး''ဟု ဦးမျိုးဝင်းက ပြောသည်။ 
-
အဆိုပါ တံတားအသစ်ကို ဂျပန်နိုင်ငံ JFE ကုမ္ပဏီနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်းထူထောင်ထားသည့် J&M Steel Solution မှ အသေးစိတ်ဒီဇိုင်းရေးဆွဲကာ ပြောင်းလဲ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ကွယ်လွယ်ကျေးရွာတစ်ဖက်ကမ်းမှ ချဉ်းကပ်လမ်း တည်ဆောက်ပြီးစီးသဖြင့် တံတားကြမ်းခင်းများ ခင်းကျင်းခြင်း၊ မီးတိုင်တပ်ဆင်ခြင်းများလုပ်ဆောင်နေပြီး မြောင်းမြဘက်ချဉ်းကပ်လမ်းမှာ ပြီးစီးနေပြီ ဖြစ်ကြောင်းသိရသည်။ 
-
စိုးမိုး
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment