Pages

Wednesday, February 20, 2019

သန်လျင်တံတား (တံတားဟောင်း) အနီး ရထားဘူတာသစ် တည်ဆောက်ရန် စီစဉ်

သန်လျင်တံတား (တံတားဟောင်း) အနီး ရထားဘူတာသစ် တည်ဆောက်ရန် စီစဉ်
-
ရန်ကုန် ဖေဖော်ဝါရီ ၁၉ 
-
ရန်ကုန်တိုင်း ဒေသကြီး သာကေတ မြို့နယ်ရှိ သန်လျင်တံတား (ယခင်တံတားဟောင်း) အနီး၌ ရပ်စခန်း ရထားဘူတာသစ် တည်ဆောက်ရန် စီစဉ်နေကြောင်း မြန်မာ့မီးရထား တာဝန်ရှိသူ တစ်ဦးထံမှသိရသည်။
-
အဆိုပါ ရထားဘူတာတည်ဆောက်နိုင်ရန်သက်ဆိုင်ရာ တာဝန်ရှိသူများပါဝင်သော အဖွဲ့သည် ယမန်နေ့က ယင်းနေရာသို့ သွားရောက်၍ မြေပြင် အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ''အထွေထွေမန်နေဂျာ (အောက်မြန်မာပြည်) ဦးဆောင်တဲ့ အဖွဲ့တွေ ဒီမနက်မှာ သန်လျင်တံတားထိပ်က ဘူတာသစ်တည်ဆောက်မယ့် နေရာကိုသွားပြီး မြေပြင်အနေအထား၊ အကျယ်အဝန်းတွေနဲ့ပတ်ဝန်းကျင် အခြေအနေတွေကိုလေ့လာကြည့်ရှုခဲ့ပါတယ်'' ဟု ၄င်းက ပြောသည်။ 
-
ယင်းဘူတာ ဆောက်လုပ်မည့် နေရာသည် သန်လျင်မြို့နယ်ရှိ အောင်သုခဘူတာနှင့် သာကေတမြို့နယ်ရှိ ကွေ့မဘူတာကြား၌ ရှိပြီး ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာအနီးတွင် ရှိသဖြင့် ရထားစီးနင်းသူများအဆင်ပြေစေမည် ဖြစ်သည်။ ထို့ပြင် YBS ယာဉ်လိုင်းများဖြင့် ချိတ်ဆက် သွားလာနိုင်မည်ဖြစ်၍ ခရီးသည်များ သွားလာရေး အဆင်ပြေစေရန် အထောက်အကူပြု နိုင်မည် ဖြစ်ကြောင်းသိရသည်။ ''ဒီနေရာမှာတည်ဆောက်ဖို့ လျာထားတာက သန်လျင်နဲ့ မြို့ထဲကို RBE ရထားပြေးဆွဲဖို့ပါ။ တံတားမှာကားပျက်တာကြောင့်ပဲဖြစ်ဖြစ်၊ ယာဉ်ကြောပိတ်ဆို့တာကြောင့်ပဲ ဖြစ်ဖြစ် သွားလာတဲ့ ခရီးသည်တွေအတွက်အဆင်ပြေအောင် စီစဉ်ပေးတာပါ။ သန်လျင်ကနေ မြို့ထဲကို ရောက်ရင်ကားပြောင်းစီးမယ်ဆိုရင်လည်းအဆင်ပြေမယ့်နေရာ ဖြစ်တာကြောင့် အသေးစိတ် အခြေအနေတွေကို ကြည့်ရှု စစ်ဆေးခဲ့ပါတယ်'' ဟု၎င်းက ပြောသည်။ 
-
ရပ်စခန်းဘူတာသစ် တည်ဆောက်ရန် ကွင်းဆင်း ကြည့်ရှုရာတွင် လွှတ်တော် ကိုယ်စားလှယ် များ၊ ရန်ကုန်တိုင်း ဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ တာဝန်ရှိသူများနှင့် မြန်မာ့မီးရထားမှ တာဝန်ရှိသူများ ပါဝင်ကြောင်း သိရသည်။ 
-
ထက်ခိုင်(စမ်းချောင်း)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment