Pages

Monday, February 4, 2019

မြန်မာ- တောင်ကိုရီးယား သုတေသနလုပ်ငန်း စီမံကိန်းသုံးခု လုပ်ဆောင်ရန် သဘောတူ

-
ရန်ကုန်  ဖေဖော်ဝါရီ   ၃ 
-
မြန်မာ-တောင်ကိုရီးယား သုတေသနလုပ်ငန်း စီမံကိန်းသုံးခု ပူးပေါင်းဆောင်ရွက်ရန် သဘောတူလက်မှတ် ရေးထိုးလိုက်ပြီး အဆိုပါစီမံကိန်း ကာလကို သုံးနှစ်ခန့် သတ်မှတ်ထားကြောင်း စိုက်ပျိုးရေး၊  မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။ 
-
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိစိုက်ပျိုးရေးသုတေသနဦးစီးဌာန (DAR)နှင့် ကိုရီးယား အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ (KOPIA) တို့ ပူးပေါင်းဆောင်ရွက်မည့်စီမံကိန်းသုံးခုနှင့် ပတ်သက်သောသဘောတူစာချုပ်လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ဇန်နဝါရီ  ၃ဝ  ရက်က ကျင်းပခဲ့သည်။ 
-
အဆိုပါသဘောတူ စာချုပ်တွင် မြန်မာနိုင်ငံ၌ အာလူးမျိုးများ  ဖြန့်ဝေမှုစနစ် ထူထောင်ခြင်း၊  မြန်မာနိုင်ငံ၌ ဂျုံအဓိကစိုက်ပျိုးသည့် စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့၏ ဂျုံထုတ်လုပ်မှုတိုးတက်ရေးအတွက် အရည်အသွေး ပြည့်မီသောဂျုံမျိုးများ ဖြန့်ဖြူးခြင်း၊ စိုက်ပျိုးထုတ်လုပ်သည့် နည်းပညာပေးသင်တန်းများ ကျင်းပခြင်းနှင့်  မြန်မာနိုင်ငံ၏  အဓိက စားသုံးသီးနှံဖြစ်သည့် ဆန်စပါးသီးနှံအတွက်  ရိတ်သိမ်းချိန်လွန် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ ပါဝင်ကြောင်း သိရသည်။ 
-
ယင်းကဲ့သို့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံရှိ  စိုက်ပျိုးတောင်သူများသည် အရည်အသွေးပြည့်မီသော သီးနှံမျိုးများ စိုက်ပျိုးထုတ်လုပ်နိုင်ပြီး ရိတ်သိမ်းခြင်းနှင့် သိုလှောင်ရာတွင် လေလွင့်ဆုံးရှုံးမှုများ လျှော့ချနိုင်မည်ဖြစ်သောကြောင့် တောင်သူများ၏ ဝင်ငွေတိုးတက်စေရေးကို များစွာ အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment