Pages

Monday, February 25, 2019

ရန်ကုန်မြို့ပတ် ရထားလမ်း အပါအဝင် ရထားလမ်းပိုင်း ငါးခုကို အဆင့်မြှင့်တင်မှုများ ဆောင်ရွက်လျက်ရှိ

ရန်ကုန်မြို့ပတ် ရထားလမ်း အပါအဝင် ရထားလမ်းပိုင်း ငါးခုကို အဆင့်မြှင့်တင်မှုများ ဆောင်ရွက်လျက်ရှိ
-
ရန်ကုန် ဖေဖော်ဝါရီ ၂၄ 
-
ရန်ကုန်မြို့ပတ် ရထားလမ်း အပါအဝင်ရထားလမ်းပိုင်း ငါးခုကို အဆင့်မြှင့်တင်မှုများ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ဆောင်ရွက်နေချိန်တွင်ရထားဆိုင်းလျှော့ပြီး ပြေးဆွဲ သော်လည်း ခေါက်ရေတိုး၍ ပြေးဆွဲပေးလျက် ရှိကြောင်း မြန်မာ့မီးရထားသွားလာ ပို့ဆောင်ရေး အထွေထွေမန်နေဂျာ ဦးကျော်ကျော်မျိုးထံမှ သိရသည်။ 
-
''လမ်းပိုင်းတွေ အဆင့်မြှင့်တင်နေတဲ့အတွက် တွဲဆိုင်း ၂၄ ဆိုင်းနဲ့ ပြေးဆွဲနေပါတယ်။ ခေါက်ရေ ၂၄၁ ခေါက်ပြေးဆွဲပါတယ်။ ကျွန်တော်တို့ တွဲဆိုင်းတစ်ဆိုင်း လျော့သွားတယ်ဆိုပေမယ့် ခေါက်ရေ ပိုများပြီး ပြေးဆွဲ ပေးနေပါတယ်။ အရင်လိုမြို့ပတ်ကိုပတ်ပြီး ပြေးဆွဲနိုင်ခြင်း မရှိတဲ့အတွက် ဝင်ငွေနည်းနည်းကျဆင်းသွားပါတယ်''ဟု ဦးကျော်ကျော်မျိုးက ပြောသည်။ လက်ရှိတွင်ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းကိုအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေပြီး ပဲခူး-မော်လမြိုင် ရထားလမ်းပိုင်း၊ ရန်ကုန်-ပြည်ရထားလမ်းပိုင်းနှင့် မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းတို့ကိုလည်း ဆက်လက်၍ အဆင့်မြှင့်တင်ဆောင်ရွက်မည်ဖြစ်သည်။ 
-
လက်ရှိတွင်ရန်ကုန်မြို့ပတ်လမ်းပိုင်းတွင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့်အတွက် ရထားစီး ခရီးသည်မှာယခင်ကထက်စီးနင်းမှု လျော့နည်းသွားကြောင်း၊ ရန်ကုန်မြို့ပတ် ရထားအနေဖြင့်မြို့တစ်ပတ်ကို နှစ်နာရီ မိနစ် ၅ဝ ကြာ မောင်းနှင်ပြီး လမ်းပိုင်းများ အားလုံးပြီးစီး သွားပါက မြို့တစ်ပတ်လုံးကို တစ်နာရီ မိနစ် ၅ဝ ဖြင့် ပြေးဆွဲပေးမည် ဖြစ်ကြောင်း၊ လမ်းပိုင်းများပြုပြင်ပြီး အချက်ပြစနစ်များလည်း အားလုံးချိန်းပြီးပါက တွဲဆိုင်း အသစ်များဖြင့် ပြေးဆွဲပေးမည် ဖြစ်ကြောင်း သိရသည်။ 
-
မြန်မာ့မီးရထား အနေဖြင့် ခရီးသွားပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရန် ရည်ရွယ်၍ ရထားလမ်းပိုင်းများ အဆင့်မြှင့်တင်ခြင်းနှင့် တွဲဆိုင်းများအဆင့်မြှင့်တင်ခြင်းကို ဆောင်ရွက်လျက်ရှိပြီး အဆိုပါအဆင့်မြှင့်တင်မှုများ ပြုလုပ်နေချိန်တွင်ရထားစီးနင်းသူများနှင့် ရထားလမ်း အသုံးပြုသူများ အန္တရာယ်ကင်းစေရန်လည်း သတိပေးထားကြောင်း သိရသည်။ 
-
ဆုလာဘ်
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment