Pages

Thursday, February 21, 2019

၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ အတွင်း ရွှေတိဂုံစေတီတော်သို့ နိုင်ငံခြားခရီးသွား ဧည့်သည် လာရောက်မှု ၂ဝ၁၈ ခုနှစ်ထက် ပိုများလာ

၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ အတွင်း ရွှေတိဂုံစေတီတော်သို့ နိုင်ငံခြားခရီးသွား ဧည့်သည် လာရောက်မှု ၂ဝ၁၈ ခုနှစ်ထက် ပိုများလာ
-
ရန်ကုန်  ဖေဖော်ဝါရီ  ၂ဝ 
-
၂ဝ၁၉ ခုနှစ် ဇန်နဝါရီလအတွင်း ရွှေတိဂုံစေတီတော်သို့  နိုင်ငံခြားခရီးသွား ဧည့်သည်လာရောက်မှုမှာ၂ဝ၁၈ ခုနှစ်ကထက် ပိုများလာကြောင်း   ဂေါပကအဖွဲ့တာဝန်ရှိသူ တစ်ဦးထံမှသိရသည်။ ''ရွှေတိဂုံစေတီတော်ကို ထိုင်း၊ တောင်ကိုရီးယား၊ တရုတ်နဲ့ ဂျပန်နိုင်ငံတို့က အများဆုံး လာရောက်လည်ပတ်ကြတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကနဲ့ နှိုင်းယှဉ်ကြည့်ရင် ပိုများလာပါတယ်''ဟု ၎င်းကပြောသည်။ 
-
၂ဝ၁၉ ခုနှစ်ဇန်နဝါရီလတွင်နိုင်ငံခြားခရီးသွားဧည့်သည် ၇၄ဝဝဝ ကျော် ဝင်ရောက်ပြီး ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလက ၇ဝဝဝဝ ကျော်သာ လာရောက်ခဲ့သည့်အတွက် ယခင်ကထက် ပိုများလာခြင်းဖြစ်သည်။ နိုင်ငံခြားခရီးသွား ဧည့်သည်များ ဝင်ရောက်မှုသည် ပြီးခဲ့သည့် နှစ်လယ်ပိုင်းခန့်က လျော့နည်းသွားသော်လည်း ဒီဇင်ဘာလမှ စတင်၍ ပြန်လည်များပြားလာခြင်း ဖြစ်သည်။ ဧည့်ဝင်ကြေးအနေဖြင့် နိုင်ငံခြားခရီးသွား ဧည့်သည်တစ်ဦးလျှင် ငွေကျပ်၁ဝဝဝဝနှုန်း ကောက်ခံလျက်ရှိရာ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလက ဧည့်ဝင်ကြေးငွေကျပ် ၇ဝ၃၂ သိန်းကျော်ရရှိခဲ့သော်လည်း ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလတွင် ငွေကျပ် သိန်း ၇၅ဝဝ နီးပါး ရရှိခဲ့သည်။ 
-
ရွှေတိဂုံစေတီတော်၌  ယခုအခါ ရာသီအလိုက် ရိုးရာပွဲတော်များကိုလည်း ကျင်းပနေသကဲ့သို့ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူမှုကိုလည်းစီစဉ်နေပြီးရွှေသင်္ကန်းအလှူခံဌာနကိုဖွင့်လှစ်ထားကြောင်း၊ ၂ဝ၁၈-၂ဝ၁၉ ခုနှစ် ရွှေသင်္ကန်းတော် ကာလအတွင်း ကပ်လှူသည့်  ရွှေသင်္ကန်းတော်များကို ဖေဖော်ဝါရီ  ၂၈   ရက် နောက်ဆုံးထား လှူဒါန်းရန်နှိုးဆော်ထားပြီး မတ် ၁ ရက် နောက်ပိုင်းမှလှူဒါန်းသည့် ရွှေသင်္ကန်းတော်များကို ၂ဝ၂၃-၂ဝ၂၄ ခုနှစ်တွင် ရွှေသင်္ကန်းကပ်လှူမည့် အစီအစဉ်၌သာဆက်လက်လှူဒါန်းအသုံးပြုမည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment