Pages

Wednesday, January 2, 2019

ဧရာဝတီတိုင်း ဒေသကြီးရှိ မြို့နယ်လေးမြို့နယ်၌ ကြိုးကြာခေါင်းနီ အသိုက် ၁၇ဝ ကျော် တွေ့ရှိ

ဧရာဝတီတိုင်း ဒေသကြီးရှိ မြို့နယ်လေးမြို့နယ်၌ ကြိုးကြာခေါင်းနီ အသိုက် ၁၇ဝ ကျော် တွေ့ရှိ
-
မအူပင်   ဇန်နဝါရီ   ၁ 
-
သစ်တောဦးစီးဌာန မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောနှင့် သားငှက်ထိန်းသိမ်းရေး အဖွဲ့(မြန်မာနိုင်ငံ အစီအစဉ်)တို့ ပူးပေါင်း၍   ဧရာဝတီတိုင်း ဒေသကြီးရှိ မြို့နယ်လေးမြို့နယ်၌   ကြိုးကြာခေါင်းနီ သုတေသနလုပ်ငန်း များ ဆောင်ရွက်လျက်ရှိရာ ဒေသခံများ၏ ပူးပေါင်းပါဝင်မှုကြောင့် ၂ဝ၁၈ ခုနှစ်အတွင်း ကြိုးကြာခေါင်းနီ အသိုက် ၁၇ဝ ကျော်  တွေ့ရှိခဲ့ကြောင်း သားငှက်ထိန်းသိမ်းရေး အဖွဲ့(မြန်မာနိုင်ငံ အစီအစဉ်) ငှက်ပညာရှင်ဦးသက်ဇော်နိုင် ထံမှ သိရသည်။ 
-
ကြိုးကြာသုတေသန လုပ်ငန်းကို ၂ဝ၁၆ ခုနှစ်က  ဧရာဝတီတိုင်းဒေသကြီး  မအူပင်မြို့နယ်၊ ဝါးခယ်မမြို့နယ်၊ ပန်းတနော်မြို့နယ်နှင့် အိမ်မဲမြို့နယ်တို့၌ ဒေသခံ အနည်းငယ်၏ ပူးပေါင်းပါဝင်မှုဖြင့် သုတေသနပြုလုပ်ရာ အသိုက် ၃၃ ခုတွေ့ရှိခဲ့ပြီး ၂ဝ၁၇ ခုနှစ်တွင် ၁၃၈ ခုတွေ့ရှိကြောင်း၊  ၂ဝ၁၈ ခုနှစ်တွင်လည်း ဒေသခံများနှင့် ပူးပေါင်း၍ သုတေသန ပြုလုပ်ရာ ကြိုးကြာသိုက် ၁၇ဝ ကျော်အထိ တွေ့ရှိခြင်းဖြစ်သည်။ 
-
''ကြိုးကြာသုတေသနကို   မိုးရာသီမှာလုပ်တယ်။ မိုးကုန်ရင်ခဏနားတယ်၊ နောက်တစ်နှစ် မိုးရာသီမှာပြန်စတယ်။ ဒေသခံတွေနဲ့ ပူးပေါင်းပြီး   ထိန်းသိမ်းရေး လုပ်တဲ့နေရာတွေမှာတော့   မိုးရာသီမှာ   အသိုက်တွေ လိုက်ကြည့်တယ်။ ပထမနှစ်မှာ အသိုက် ၃ဝ ကျော်တွေ့တယ်။ ဒုတိယနှစ်မှာ အသိုက် ၁၃ဝကျော် တွေ့တယ်။ ဒီနှစ်ကျတော့  အသိုက် ၁၇ဝ ကျော်တွေ့တယ်။ 
-
သုတေသနလုပ်တဲ့အခါ ဒေသခံတွေက ထိန်းသိမ်းရေး လုပ်ငန်းမှာ အင်တိုက်အားတိုက် ပါဝင်ကြတာကြောင့်  အသိုက်တွေ ပိုတွေ့ရှိရတာပါ'' ဟု ဦးသက်ဇော်နိုင် ကပြောသည်။ ၂ဝ၁၇  ခုနှစ်တွင်   မအူပင်မြို့နယ်ရှိ ကျေးရွာ၂ဝ၊ ဝါးခယ်မမြို့နယ်ရှိ ကျေးရွာ ၁၄ ရွာ၊ ပန်းတနော်မြို့နယ်ရှိ ကျေးရွာ ၁၁ ရွာနှင့် အိမ်မဲမြို့နယ်ရှိ  ကျေးရွာ ၁၈ ရွာတို့၌ ကြိုးကြာသုတေသန ပြုလုပ်ခြင်းနှင့် ပတ်သက်၍  ပညာပေး ဟောပြောပွဲများ ပြုလုပ်ခဲ့ပြီး ၂ဝ၁၈ ခုနှစ်တွင် မအူပင်မြို့နယ်ရှိ ကျေးရွာ ၂၄ ရွာ၊ ဝါးခယ်မမြို့နယ်ရှိ ကျေးရွာ ၂၂ ရွာ၊ပန်းတနော်မြို့နယ်ရှိ ကျေးရွာ ၁၅ ရွာနှင့် အိမ်မဲမြို့နယ်ရှိ   ကျေးရွာ ၂၂  ရွာတို့၌ သုတေသနပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း  သိရသည်။
-
ကြိုးကြာခေါင်းနီများသည် မြန်မာနိုင်ငံ၌သာမက  ကမ္ဘာတွင်လည်း မျိုးသုဉ်းမည့် အန္တရာယ် ကျရောက်နေသော မျိုးစိတ်ဖြစ်ပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၌ အကောင် ၂ဝဝ မှ ၄ဝဝ ကြားသာ ကျန်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment