Pages

Tuesday, January 22, 2019

အလောင်းတော် ကဿပသို့ ညအိပ်ဘုရားဖူး လာရောက်သူများ တည်းခိုဆောင်များတွင် အခမဲ့ တည်းခိုနိုင်

အလောင်းတော် ကဿပသို့ ညအိပ်ဘုရားဖူး လာရောက်သူများ တည်းခိုဆောင်များတွင် အခမဲ့ တည်းခိုနိုင်
-
ကနီ   ဇန်နဝါရီ  ၂၁ 
-
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ် အလောင်းတော် ကဿပ အမျိုးသား ဥယျာဉ်အတွင်းရှိ အလောင်းတော် ကဿပ စံကျောင်းတော်နှင့် ရုပ်ကလာပ်တော်တည်ရှိရာ လိုဏ်ဂူတော်သို့ ညအိပ်လာရောက် ဖူးမြော်ကြသည့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များ  တည်းခိုဆောင်များတွင် အခမဲ့တည်းခိုနိုင်ကြောင်း သိရသည်။ 
-
အလောင်းတော်ကဿပ ဘုရားဖူးရာသီလမ်းကို ယခုနှစ် ဇန်နဝါရီ ၃ ရက်က ဖွင့်လှစ်ခဲ့ပြီး  ဘုရားဖူးဧည့်သည်များ နေ့ချင်းပြန်ဖူးမြော်သူများ၊ ညအိပ်တည်းခို ဖူးမြော်သူများဖြင့် နေ့စဉ်လာရောက်လည်ပတ်ဖူးမြော်ကြလျက် ရှိသည်။ ညအိပ်ဖူးမြော်လိုသည့် ဘုရားဖူးဧည့်သည်များ  အဆင်ပြေစွာ တည်းခိုနိုင်ရေး  အလောင်းတော်ကဿပ ဂေါပကအဖွဲ့က ညအိပ်ဘုရားဖူး ဧည့်သည်များကြိုဆိုနေရာချထားရေး အဖွဲ့    ဖွဲ့စည်းပြီး နေရာချထားပေးလျက် ရှိကြောင်းသိရသည်။ 
-
''တချို့နယ်က ဘုရားဖူး ဧည့်သည်တွေက မွန်းလွဲပိုင်းလောက်မှ အလောင်းတော် ကဿပကို တက်လာတယ်။ ရုပ်ကလာပ်တော် စံကျောင်းနဲ့ လိုဏ်ဂူတော်ကို ညနေပိုင်းမှာ ဖူးကြပြီး တောင်ပေါ်မှာပဲ ညအိပ်တည်းခိုကြတယ်။ နောက်တစ်နေ့ နံနက်စောစောမှာ လွမ်းစေတီဘက်ကို သွားကြတယ်။အဲဒီလို ညအိပ်လာကြတဲ့ ဘုရားဖူးဧည့်သည်တွေ  အဆင်ပြေစွာတည်းခိုဖူးမြော်နိုင်စေဖို့ အတွက် လုပ်ဆောင်ပေးကြတာပါ။ တည်းခိုခ၊ ရေချိုးခ  ပေးစရာမလိုပါဘူး၊ တည်းခိုဆောင်တွေမှာ လာရောက်တည်းခိုကြတဲ့ ဘုရားဖူး ဧည့်သည်တွေကို နေရာချထားရေး အဖွဲ့က  စနစ်တကျရှိအောင် တည်းခိုဆောင်တွေမှာ နေရာချထားပေးနေပါတယ်၊  တည်းခိုမယ့်သူတွေကလည်း တည်းခိုဆောင်တွေကို ရောက်ရင်  နေရာချထားရေး အဖွဲ့ကိုအကြောင်းကြားပြီး တည်းခိုနိုင်ပါတယ်''ဟု အလောင်းတော်ကဿပ  ဂေါပကအဖွဲ့၏ တွဲဖက်အတွင်းရေးမှူး ဦးထီမောင် ကပြောသည်။ 
-
အနယ်နယ်အရပ်ရပ်မှ အလောင်းတော်ကဿပသို့ညအိပ်လာရောက် ဖူးမြော်လည်ပတ်ကြသည့် ဘုရားဖူးဧည့်သည်များ အဆင်ပြေချောမွေ့စွာ တည်းခိုနေထိုင်ရေး အတွက် တည်းခိုဆောင် ၂ဝ ကျော်ဖြင့် အလောင်းတော်ကဿပ ဂေါပကအဖွဲ့၏ ကြိုဆိုနေရာချထားရေး အဖွဲ့က စီစဉ်ပေးလျက်ရှိကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment