Pages

Thursday, January 3, 2019

အပျော်တမ်း မြင်းစီးခြင်း လုပ်ငန်း လုပ်ကိုင်သူများ အဆင်ပြေလျက်ရှိ

အပျော်တမ်း မြင်းစီးခြင်း လုပ်ငန်း လုပ်ကိုင်သူများ အဆင်ပြေလျက်ရှိ
-
ပင်းတယ  ဇန်နဝါရီ  ၂ 
-
ရှမ်းပြည်နယ်(တောင်ပိုင်း)   ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ပင်းတယမြို့ ရွှေဥမင်သဘာဝလိုဏ်ဂူဘုရားတောင်ခြေရှိ နှစ်ပေါင်းရာကျော်သည့်  ညောင်ပင်တန်း အပန်းဖြေနေရာ၌ အပျော်စီးမြင်းများဖြင့် မြင်းစီးခြင်း၊ မြင်းများစီး၍ ညောင်ပင်တန်း ရှုခင်းအလှဓာတ်ပုံ ရိုက်ကူးခြင်းလုပ်ကိုင်နေသည့် ဒေသခံပြည်သူများ မိသားစု စားဝတ်နေရေးအတွက် အဆင်ပြေလျက်ရှိကြောင်း သိရသည်။ 
-
ပင်းတယမြို့ပေါ်ရပ်ကွက်များရှိ မြင်းလှည်းဖြင့် ခရီးသည်များနှင့်  ကုန်ပစ္စည်း ပို့ဆောင်ရာတွင်အလုပ်အကိုင် ရှားပါးလာခြင်းကြောင့်ရွှေဥမင်သဘာဝလိုဏ်ဂူ ဘုရားတောင်ခြေရှိ ညောင်ပင်တန်း အပန်းဖြေနေရာများ၌    မြင်းအပျော်စီးသည့် လုပ်ငန်း၊ မြင်းနှင့်တွဲဖက်၍ အလှဓာတ်ပုံရိုက်ခြင်း လုပ်ငန်းလုပ်ကိုင်သူ ဒေသခံများ  နေ့စဉ်ဝင်ငွေရလျက်ရှိသည်။ 
-
အဆိုပါလုပ်ငန်းတွင် မြင်းဖြင့်တွဲဖက်၍ အလှဓာတ်ပုံရိုက်ကူးပါက လူကြီး၊  လူငယ်တစ်ဦးလျှင်ငွေကျပ် ၁ဝဝဝ၊ ခရီးအနီးအဝေးပေါ် မူတည်၍ အပျော်မြင်းစီးခြင်းအတွက် ငွေကျပ် ၂ဝဝဝ မှ ၃ဝဝဝ အထိရရှိသည်။  ''ကျွန်တော် အရင်က ပန်းရန်အလုပ် လုပ်ပါတယ်။  တစ်နေ့ဝင်ငွေ ၇ဝဝဝ ရတယ်။ မိသားစုစားဝတ်နေရေးအတွက် အဆင်မပြေပါဘူး။ အခုလို မြင်းစီးလုပ်ငန်း လုပ်တော့ တစ်နေ့ဝင်ငွေ အနည်းဆုံးငွေကျပ် ၁၅ဝဝဝ ရပါတယ်။ ဒီဇင်ဘာကျောင်းပိတ်ရက် သင်္ကြန်ရုံးပိတ်ရက်တို့ဆို တစ်နေ့ငွေကျပ် ၇ဝဝဝဝ မှ ၁၅ဝဝဝဝ အထိရရှိလို့ မိသားစု စားဝတ်နေရေး အတွက် အဆင်ပြေပါတယ်။ ဒီနှစ် ဒီဇင်ဘာ ကျောင်းပိတ်ရက် ၁ဝ ရက်အတွင်း ငွေကျပ် ၇ဝဝဝဝဝ ရတယ်။ မြင်းအပျော်စီးတဲ့ လုပ်ငန်းဟာလည်း ခရီးသွားတွေကို ဆွဲဆောင်ပြီး ပင်းတယမြို့ရဲ့ အလှကိုလည်း ဖော်ဆောင်ပါတယ်''ဟု  မြင်းအပျော်စီးလုပ်ငန်း လုပ်ကိုင်နေသူ ဒေသခံ ဦးဝင်းကိုကိုငြိမ်းက ပြောသည်။ 
-
ပင်းတယမြို့ ရွှေဥမင်သဘာဝလိုဏ်ဂူသို့ လာရောက်ကြသည့် ဧည့်သည်များသည် မြင်းအပျော်စီးခြင်း၊ မြင်းစီး၍ အလှဓာတ်ပုံရိုက်ကူးခြင်းတို့ကို ပြုလုပ်ကြကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment