Pages

Thursday, January 24, 2019

ကျွန်းလှမြို့နယ် ရှမ်းစုကျေးရွာ၌ မိရိုးဖလာ အိုးလုပ်ငန်း လုပ်ကိုင်သူများ အဆင်ပြေ

ကျွန်းလှမြို့နယ် ရှမ်းစုကျေးရွာ၌ မိရိုးဖလာ အိုးလုပ်ငန်း လုပ်ကိုင်သူများ အဆင်ပြေ
-
ကျွန်းလှ  ဇန်နဝါရီ  ၂၃ 
-
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် ရှမ်းစုကျေးရွာ၌ မိရိုးဖလာ အိုးလုပ်ငန်း လုပ်ကိုင်ကြသူများ အဆင်ပြေကြောင်း သိရသည်။ 
-
အိုးလုပ်ငန်းကို တန်ဆောင်မုန်း လဆန်းမှ တန်ခူးလကုန်အထိ ပြုလုပ်ကြပြီး အိုးလုပ်ရန် အဓိကကျသည့် ရွှံ့စေးမြေကို ရွာနှင့်ခြောက်မိုင်လောက် ဝေးသည့်နေရာမှ သွားတူးရကာလှည်းတစ်စီးလျှင်ငွေကျပ် ၈ဝဝဝ၊ ထော်လာဂျီ တစ်စီးလျှင် ငွေကျပ် ၁၅ဝဝဝ ပေးရသည်။  ''အိုးတစ်လုံးဖြစ်ဖို့ ရွှံ့စေးမြေကိုနေလှန်း၊  ရွှံ့ငါးပုံးနဲ့သဲ နှစ်ပုံးရောပြီး ရေစိမ်ထားရတယ်။ ရေစိမ်ထားတဲ့ ရွှံ့မြေကိုခြေထောက်နဲ့ နင်းပြီး ပုံလောင်းရတယ်။ ပုံလောင်းတဲ့အခါမှာ တုတ်နဲ့ သုံးချက်ဆင့်ရိုက်ပြီး နေပြန်လှန်းရတယ်။  အိုးတွေကို ကောက်ရိုးနဲ့ ထင်းတွေထောင် ရွှံ့နဲ့သရွတ်ကျံပြီး   မီးဖုတ်ရတယ်''ဟု ရှမ်းစုကျေးရွာနေ အိုးလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောသည်။ 
-
ယင်းအိုးလုပ်ငန်းကို မိဘများ လက်ထက်က လက်ဆင့်ကမ်း လုပ်ကိုင်လာကြသည်မှာ နှစ်ပေါင်း ၁ဝဝ ကျော်ခဲ့ပြီဖြစ်ကြောင်း၊ ယခင်က ကျေးရွာ၌ အိုးလုပ်ငန်း လုပ်သူ ၃ဝ ဦးကျော်ရှိသော်လည်း ယခုအခါ အကြောင်းအမျိုးမျိုးကြောင့် အိုးလုပ်သူ ၁၅ ဦးခန့်သာ ရှိတော့ကြောင်း သိရသည်။ 
-
''မိသားစုနဲ့အတူ အလုပ်သမား ငှားရမ်းပြီးလုပ်ကိုင်တဲ့အခါ တစ်ရက် အိုးအလုံး ၄ဝ ပြီးပါတယ်။အိုးရိုက်ငှားရမ်းခ  တစ်နေ့ကို ငွေကျပ် ၂ဝဝဝ နဲ့ ရွှံ့နင်းခငွေကျပ် ၁၅ဝဝ ပေးရတယ်။ ကုန်ကြမ်းပစ္စည်းနဲ့ လုပ်အားခ နုတ်ရင် အိုး ၂၅ လုံး အမြတ်ကျန်ပါတယ်'' ဟု အိုးလုပ်သူ တစ်ဦးက ပြောသည်။ 
-
အဆိုပါအိုးများကို ကျွန်းလှမြို့နယ်၊ ကန့်ဘလူမြို့နယ်နှင့် ကောလင်းမြို့နယ်တို့သို့ ဖောက်သည်ဈေး သောက်ရေအိုးကြီး တစ်လုံးလျှင် ငွေကျပ် ၁ဝဝဝ၊ အိုးလတ်တစ်လုံးလျှင် ငွေကျပ် ၈ဝဝ၊ မီးသတ်အိုးနှင့် ပရိတ်အိုး တစ်လုံးလျှင် ငွေကျပ် ၅ဝဝ ဖြင့် ရောင်းချရကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment