
-
ရန်ကုန် ဇန်နဝါရီ ၁ဝ
-
မြန်မာ့ရေပိုင်နက် သဘာဝသယံဇာတ ကျန်ရှိအခြေအနေများကို စစ်တမ်းကောက်ယူပြီး ယခုနှစ်အတွင်း ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ သိရသည်။ အဆိုပါ ထုတ်ပြန်ချက်များအရ သဘာဝ သယံဇာတများကို လေ့လာ၍ စစ်တမ်းကောက်ယူပြီး ကာကွယ် ထိန်းသိမ်းရေး လုပ်ငန်းများ အသိပေးဆောင်ရွက်မည်ဖြစ်သည်။
-
ငါးလုပ်ငန်းဦးစီး ဌာနအနေဖြင့် မြန်မာ့ရေပိုင်နက်၌ ငါးသယံဇာတ တည်ရှိမှုကို သိရှိနိုင်ရန် ကမ္ဘာ့စားနပ် ရိက္ခာစိုက်ပျိုးရေးအဖွဲ့၏ အစီအစဉ်ဖြင့် နော်ဝေနိုင်ငံ Institute of Marine Research ၏ Dr.Fridt of Nansen သုတေသနယာဉ်ဖြင့် ငါးသယံဇာတတည်ရှိမှုနှင့် အဏ္ဏဝါ ဇီဝကွဲပြားမှု သုတေသနလုပ်ငန်းများကို ၁၉၇၉ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး ၂ဝ၁၈ ခုနှစ်အထိ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်ရေပြင် သုတေသနပြု လုပ်ငန်းများ စုစုပေါင်းငါးကြိမ်တိုင်တိုင် ဆောင်ရွက်ထားပြီး ဖြစ်သည်။
-
လက်ရှိကာလအတွင်း ဖြစ်ပေါ်နေသည့် ပလတ်စတစ်ညစ်ညမ်းမှုနှင့် ဆိုးကျိုးအန္တရာယ်ကြောင့် ပင်လယ်ပြင်အတွင်းရှိ ငါးအပါအဝင် ရေနေသတ္တဝါများ ထိခိုက်ပျက်စီးမှု၊ ငါးဖမ်းလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းအပေါ် ထိခိုက်နိုင်မှု၊ ပင်လယ်ပြင်မှ ရရှိသည့်ငါးများ နိုင်ငံခြား ပို့ကုန်အဖြစ် ဈေးကွက်ရရှိရန် ပိုမိုခက်ခဲလာသည့်အပြင် ငါးအသားဓာတ်၌ ပလတ်စတစ် ပါဝင်မှုကြောင့် ကျန်းမာရေးထိခိုက်လာနိုင်ကြောင်း၊ ယင်း အခြေအနေများကို ပြည်သူများပိုမို သိရှိလာခြင်း ဖြင့် ပတ်ဝန်းကျင်၌ ပလတ်စတစ်နှင့် အမှိုက်များ စွန့်ပစ်မှုပပျောက်အောင် ဆောင်ရွက်နိုင် မည်ဖြစ်ကာ ယင်းမှတစ်ဆင့်ပင်လယ်ပြင်အတွင်း ပလတ်စတစ် အလွယ်တကူ စွန့်ပစ်ခြင်းများ နည်းပါးလာစေရန် အသိပညာပေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ထားကြောင်း သိရသည်။
-
ယင်း သုတေသန လုပ်ငန်းများကို မြန်မာ့ရေပိုင်နက်အတွင်း ဆောင်ရွက်၍ ရလဒ်များကို သက်ဆိုင်ရာ အဖွဲ့အစည်းဖြစ်သည့် ကမ္ဘာ့စားနပ်ရိက္ခာ စိုက်ပျိုးရေးအဖွဲ့၏ လုပ်ထုံး လုပ်နည်း နှင့်အညီ စိစစ်သုံးသပ်လျက်ရှိကြောင်း၊ ၂ဝ၁၉ ခုနှစ် မေလတွင် ထုတ်ပြန် ကြေညာမည်ဖြစ်ပြီး သုတေသနရလဒ် ထွက်ပေါ်လာပါက ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေလုပ်ငန်းဆိုင်ရာ စည်းကမ်း ချက်များနှင့် တားမြစ်ချက်များ၊ အမိန့်ညွှန်ကြားစာများ ထုတ်ပြန်ပြီး အသိပညာပေး လုပ်ငန်း များ လုပ်ဆောင်မည် ဖြစ်ကြောင်းသိရသည်။
-
စိုးမိုး
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment