Pages

Thursday, December 13, 2018

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမျိုးသားအဆင့် အနာကြီးရောဂါ တိုက်ဖျက်ရေး ညီလာခံသို့ တက်ရောက် အမှာစကား ပြောကြား

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမျိုးသားအဆင့် အနာကြီးရောဂါ တိုက်ဖျက်ရေး ညီလာခံသို့ တက်ရောက် အမှာစကား ပြောကြား
-
နေပြည်တော်  ဒီဇင်ဘာ  ၁၂
-
''ခွဲခြားဆက်ဆံမှု ပပျောက်ဖို့   ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်စို့'' ခေါင်းစဉ်ဖြင့် အမျိုးသားအဆင့် အနာကြီးရောဂါ တိုက်ဖျက်ရေး ညီလာခံ - ၂ဝ၁၈ ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိမြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန - ၂ ၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍  အမှာစကား ပြောကြားသည်။
-
နိုင်ငံတော်၏    အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အနာကြီးရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများအနက် အဓိက ဦးစားပေးဆောင်ရွက်ရမည့်   လုပ်ငန်းမှာ အနာကြီးရောဂါ ဖြစ်ပွားသူများနှင့်ယင်းတို့၏ မိသားစုဝင်များကို   ခွဲခြားဆက်ဆံခြင်းများ လျော့နည်း ပပျောက်သွားအောင် ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ခွဲခြားဆက်ဆံ ခံရမှုများကို ယနေ့အထိ တွေ့ရှိနေရပြီး အနာကြီးရောဂါဖြစ်ပွားသူ လူနာ၏ နေ့စဉ်ဘဝ နေထိုင်မှုများအပေါ် သက်ရောက်မှု ရှိနေသည့်အတွက်  လူမှုရေးအမြင်များကို ပြန်လည်တည့်မတ်ပေးရန်   ပြည်သူများ အတွင်း အနာကြီးရောဂါကူးစက်ပုံ၊ ဖြစ်ပွားပုံနှင့် ပတ်သက်သည့်  မှန်ကန်သော အသိများ  ရရှိအောင် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။
-
အနာကြီးရောဂါ   မကူးစက်နိုင်သည့် နည်းလမ်းများနှင့် ပတ်သက်သည့် အသိများ တိုးပွားအောင် ပညာပေးခြင်းဖြင့် အနာကြီး ရောဂါဖြစ်ပွားသူနှင့် ၎င်းတို့၏ မိသားစုဝင်များသည် လူမှုပတ်ဝန်းကျင်တွင်ပါဝင်နေထိုင်နိုင်ရေး အတွက် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အနာကြီးရောဂါ လူနာနှင့် မိသားစုဝင်များကို ခွဲခြားနှိမ့်ချ ဆက်ဆံခြင်းကြောင့် လူနာသစ်ရှာဖွေခြင်း၊ ဆေးကုသမှု ပြီးဆုံးအောင် 

လိုက်နာခြင်းနှင့်  ရောဂါ နောက်ဆက်တွဲပြဿနာများ ကုသခြင်းတို့ကို အဟန့်အတားဖြစ်သည့်အပြင် လူထုအတွင်း ကူးစက်မှု တားဆီးရေးကို ထိခိုက်စေမည်ဖြစ်သည့် အတွက် မှန်ကန်သောလူမှုရေးအမြင်ကိုရရှိအောင်   ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
-
ထို့ကြောင့် အနာကြီးရောဂါ တိုက်ဖျက်ရေး အတွက် တာဝန်ရှိသူများအနေဖြင့် အနာကြီး ရောဂါလူနာနှင့် ယင်းတို့၏ မိသားစုဝင်များကို ခွဲခြားဆက်ဆံခံရမှု မရှိဘဲ   ပြည်သူလူထုမှ နားလည်လက်ခံပြီးလူ့အသိုင်းအဝိုင်းအတွင်း သိမ်ငယ်မှုမရှိ ပြန်လည် ဝင်ဆံ့လာရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီး ဌာန၊  လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့မှတာဝန်ရှိသူများနှင့် အတူလက်တွဲပြီး ပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း၊ အနာကြီးရောဂါနှင့် ပတ်သက်သည့် ပတ်ဝန်းကျင်၏ မှားယွင်းသော အသိများကို ပြန်လည်တည့်မတ်ရန်အတွက် ပြည်သူ့နီတိတွင် အသိပညာပေးထည့်သွင်း ဖော်ပြသွားရန်  လိုအပ်ကြောင်း။
-
နိဂုံးချုပ်အနေဖြင့်   အနာကြီးရောဂါ တိုက်ဖျက်ရေးအတွက် မှတ်တမ်းတင် ဂုဏ်ယူနိုင်မည့် ညီလာခံကျင်းပနိုင်ရန် အဘက်ဘက်မှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြသော တာဝန်ရှိသူများ၊ဆာဆာကာဝါဖောင်ဒေးရှင်း၊ နိပွန်ဖောင်ဒေးရှင်းနှင့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများကို ကျေးဇူးတင်ရှိကြောင်း၊ အနာကြီးရောဂါ   ကင်းဝေးရေးအတွက် ဖြစ်ပွားမှု လျှော့ချရေး၊ ခွဲခြား ဆက်ဆံခံရမှုများပပျောက်ရေးတို့အတွက်  အားလုံးဝိုင်းဝန်း လက်တွဲပူးပေါင်း ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။
-
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ညီလာခံသို့ တက်ရောက်လာကြသူများ နှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်၍ ခန်းမအတွင်း ခင်းကျင်းပြသထားသည့် အနာကြီးရောဂါ တိုက်ဖျက်ရေးလှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများနှင့် အသိပညာပေး ပြခန်းများကို ကြည့်ရှုအားပေးသည်။ အဆိုပါညီလာခံသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဒေါက်တာဖေမြင့်၊ ဦးမင်းသူ၊ ဒေါက်တာမြင့်ထွေးနှင့် ဦးကျော်တင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ   ဒေါက်တာ မျိုးအောင်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့်   ဒေါက်တာမြလေးစိန်၊အမြဲတမ်းအတွင်းဝန်များ၊ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ၊   ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ လူမှုရေးဝန်ကြီးများ၊  အနာကြီးရောဂါကျွမ်းကျင်မှုဆိုင်ရာ အကြံပေးပညာရှင်အဖွဲ့မှ    ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းများမှ   ကိုယ်စားလှယ်များနှင့် တိုင်းရင်းဆေးပညာရှင်များ  တက်ရောက်ကြသည်။
-
ယင်းနောက် ညီလာခံကို ဆက်လက် ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။ ထို့နောက်မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး H.E.Mr. Ichiro Maruyama နှင့် နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Mr.Yohei Sasakawa တို့က အမှာစကား ပြောကြားကြသည်။ ယင်းနောက် လက်ရှိအနာကြီးရောဂါ အခြေအနေ၊ အနာကြီးရောဂါ ထိန်းချုပ်ရေး လုပ်ငန်းစဉ်တိုးတက်မှု၊ အောင်မြင်မှုများနှင့် စိန်ခေါ်မှုများ၊ တစ်ကမ္ဘာလုံးဆိုင်ရာ အနာကြီးရောဂါ အခြေအနေတို့ကိုအမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်နှင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ Dr. Erwin  Cooreman တို့က ရှင်းလင်းတင်ပြကြသည်။
-
မွန်းလွဲပိုင်းတွင် ညီလာခံ ကျင်းပရခြင်းနှင့် စပ်လျဉ်းသည့်   သတင်းစာရှင်းလင်းပွဲကို ကျင်းပရာ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Mr.Yohei Sasakawaအမေရိကန် ပြည်ထောင်စု  အနာကြီးရောဂါမစ်ရှင်မှ ဒေါက်တာတင်ရွှေ၊ အနာကြီးရောဂါ ကျွမ်းကျင်မှုဆိုင်ရာ အကြံပေးပညာရှင် အဖွဲ့ဝင် ဒေါက်တာကျော်ညွန့်စိန်၊ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ Dr.ErwinCooreman နှင့် အနာကြီးရောဂါ တိုက်ဖျက်ရေး စီမံချက်မန်နေဂျာ ဒေါက်တာ ချန်ထွန်းအောင်တို့က မြန်မာနိုင်ငံတွင် အနာကြီးရောဂါ တိုက်ဖျက်ရေးအတွက် ဆောင်ရွက်နေမှုများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ သတင်းမီဒီယာများ၏ သိရှိလိုသည်များကို ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။
-
ထို့နောက် အနာကြီးရောဂါသည်များကို ခွဲခြားဆက်ဆံမှု မပြုရေး ခေါင်းစဉ်ဖြင့် မတ္တရာမြို့ ရေနံ့သာ အနာကြီးရောဂါ ကုသရေး ဆေးရုံအုပ်ကြီး(ငြိမ်း) ဒေါက်တာမောင်မောင်ကြီးက ဦးဆောင်၍ဒေါ်သီတာ၊ ဦးစိုးဝင်း၊ ဒေါ်သီတာမြင့်နှင့် ဦးလှဌေးတို့က ၎င်းတို့၏ ဘဝဖြတ်သန်းမှု အတွေ့အကြုံများကို မျှဝေဆွေးနွေး တင်ပြကြရာ  တက်ရောက်လာကြသူများက ပါဝင်ဆွေးနွေးကြသည်။
-
ဆက်လက်၍ အနာကြီးရောဂါ ထိန်းချုပ်မှု တိုးတက်ရန်  လက်များ ကမ်းလှမ်းကြပါစို့ ခေါင်းစဉ်ဖြင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာသန္တာလွင်ကဦးဆောင်၍ ဝက်လက်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး  ဒေါက်တာအေးလွင်၊  ကျောက်ပန်းတောင်းမြို့နယ် ဒေါင်းလည် ကျေးလက်ကျန်းမာရေးဌာနခွဲ    သားဖွားဆရာမ ဒေါ်နန်းအိလှိုင်၊ပခုက္ကူမြို့ အနာကြီးရောဂါ စောင့်ရှောက်ရေးမှူး ဦးနိုင်ချို၊ တိုင်းရင်းဆေး တက္ကသိုလ်(မန္တလေး) ကထိက ဦးဝင်းဇော်၊ ပဲခူးမြို့   အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာနေမျိုးနှင့် အနာကြီးရောဂါတိုက်ဖျက်ရေး စီမံချက်မန်နေဂျာ ဒေါက်တာချန်ထွန်းအောင်တို့က   ကျန်းမာရေး ဝန်ထမ်းများ၏ အနာကြီးရောဂါ ကုသရေးတွင် တွေ့ကြုံရသည့် စိန်ခေါ်မှုများကို   ဆွေးနွေးတင်ပြကြပြီးတက်ရောက်လာကြသူများ၏  သိရှိလိုသည်များကို ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။
-
အမျိုးသားအဆင့် အနာကြီးရောဂါ တိုက်ဖျက်ရေး ညီလာခံ - ၂ဝ၁၈ ကို ဒီဇင်ဘာ ၁၃ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အနာကြီးရောဂါဆိုင်ရာ နေပြည်တော် ကြေညာစာတမ်းကိုလည်းထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရသည်။                   
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment