Pages

Tuesday, December 4, 2018

ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ရခိုင်ရိုးရာ ကျင်ပွဲကို ခမ်းနားစွာ ကျင်းပမည်

ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ရခိုင်ရိုးရာ ကျင်ပွဲကို ခမ်းနားစွာ ကျင်းပမည်
-
စစ်တွေ  ဒီဇင်ဘာ ၃
-
ရခိုင်ပြည်နယ်တွင်   လာမည့် ဒီဇင်ဘာ ၁၅ ရက်၌ ကျရောက်မည့်  (၄၄)နှစ်မြောက် ရခိုင်ပြည်နယ်နေ့တွင် ရခိုင်ရိုးရာ ကျင်ပြိုင်ပွဲကို ခမ်းနားစွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ''ရခိုင်ရိုးရာ ကျင်အားကစား တိုးတက် ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍  ရခိုင်ပြည်နယ်နေ့မှာ  ရခိုင်ရိုးရာကျင်ပွဲကို   ဒီဇင်ဘာ ၁၆ ရက်ကနေ ၁၈ ရက်အထိ သုံးရက်တိုင်တိုင် ခမ်းနားထည်ဝါစွာ   ကျင်းပသွားမှာဖြစ်ပါတယ်'' ဟု    ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေး ဝန်ကြီး    ဦးဝင်းမြင့်ကပြောသည်။
-
(၄၄) နှစ်မြောက်   ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ကျင်ပွဲကို စစ်တွေမြို့ ဝင်္ကဘာကွင်း၌ ကျင်းပသွားမည်ဖြစ်ပြီး   စနစ်တကျ ကျင်းပနိုင်ရန်အတွက် ကျင်ပြိုင်ပွဲ ကျင်းပရေး ကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်းပေးထားသည်။ ကျင်ပွဲကို ရခိုင်ပြည်နယ်အနှံ့မှ  ကျင်သန်များ အားလုံးကို ဖိတ်ခေါ်ထားကြောင်း၊ နိုင်သည် ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ အားကစား စိတ်ဓာတ်အပြည့်ဖြင့်   အမျိုးသားရိုးရာ   အားကစား အနှစ်သာရကို   ဖော်ထုတ်ကြရမည်ဖြစ်ကြောင်း ပြည်နယ် အစိုးရ အဖွဲ့ဝင် စည်ပင်သာယာရေး ဝန်ကြီးက ဆက်လက်ပြောသည်။
-
အဆိုပါ ကျင်ပြိုင်ပွဲတွင် ရွှေမောင်းတန်း အဆင့်၌  ပထမဆု  ငွေကျပ် ၃၂ သိန်း၊ ဒုတိယဆု   ငွေကျပ် ၂၄ သိန်းနှင့်  ပူးတွဲ တတိယဆု  ငွေကျပ် ၁၆ သိန်း   သတ်မှတ်ထားပြီး ငွေမောင်းတန်း အဆင့်တွင် ပထမဆု ငွေကျပ် ၂၄ သိန်း၊ ဒုတိယဆု ငွေကျပ် ၁၆ သိန်းနှင့် ပူးတွဲတတိယဆု ငွေကျပ် ၁၂ သိန်းအထိ သတ်မှတ်ထားသည်။ ကျင်ကိုင်ပွဲသည် ရခိုင်ရိုးရာ သမိုင်းတစ်လျှောက် ကျင်းပလာခဲ့သည့် အားကစားပွဲ တစ်မျိုးဖြစ်ပြီး  ရခိုင်ပြည်နယ်၏ နေ့ထူးနေ့မြတ်များ၊ ဘုရားပွဲတော်များနှင့် ဘုန်းကြီးပြန်ပွဲ များတွင်   ထည့်သွင်း ကျင်းပခဲ့သည့် အားကစားပွဲဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment