Pages

Tuesday, December 11, 2018

ယခုနှစ်တွင် ခရီးသွား ဥယျာဉ်များသို့ နိုင်ငံခြားခရီးသွား ဧည့်သည်များ စိတ်ဝင်တစား လာရောက်

-
ရန်ကုန်  ဒီဇင်ဘာ  ၁ဝ
-
နိုင်ငံခြားခရီးသွား ဧည့်သည်များ ဝင်ရောက်ရန် ရည်ရွယ်၍  စိုက်ပျိုးထားသော  သီးနှံစိုက်ပျိုးရေး ခြံများနှင့်သစ်ပင်ပန်းမန်၊ ဥယျာဉ်ခြံများကို ခရီးသွား ဥယျာဉ်အဖြစ် လုပ်ကိုင်လျက် ရှိရာ  ယခုနှစ်တွင် နိုင်ငံခြားခရီးသွား ဧည့်သည်များ   စိတ်ဝင်တစား လာရောက်ကြောင်း  ခရီးသွား အေဂျင်စီများထံမှ သိရသည်။
-
''ပြည်ပနိုင်ငံတွေမှာ သီးနှံစိုက်ပျိုးရေးခြံတွေကို ခရီးသွား ဥယျာဉ်ပြုလုပ်ပြီး ခရီးသွား ဧည့်သည်တွေအတွက်   ဆွဲဆောင်မှုတစ်ခုအဖြစ် ပြုလုပ်နေပါတယ်။   မြန်မာနိုင်ငံမှာတော့ ၂ဝ၁၆ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက  ပြင်ဦးလွင်နဲ့ ရှမ်းပြည်နယ် တောင်တန်းတစ်ဝိုက်မှာ အနည်းငယ် လုပ်ဆောင်လာကြတယ်။ ဒါပေမဲ့ စိုက်ပျိုးရေးခြံတွေက စိုက်ပျိုးရေးနည်းစနစ်တွေ ဖွံ့ဖြိုးမှုအားနည်းနေတော့ အရင်နှစ်က ပြည်တွင်းခရီးသွားတွေ  အလှဓာတ်ပုံရိုက်ဖို့နဲ့ Pre-wedding သွားရောက်တာတွေပဲ ရှိတယ်။ ဒီနှစ်မှာ အပြင်အဆင်တွေလည်း အားကောင်းလာတော့ ပြည်ပခရီးသွားတွေပါ လာရောက်လည်ပတ်နေပါတယ်'' ဟု   ပြည်တွင်းခရီးသွား လုပ်ငန်းရှင် ဒေါ်ပပမျိုး ကပြောသည်။
-
လက်ရှိတွင် ပြင်ဦးလွင်မြို့မှ ပန်းအလှ စိုက်ခင်းများ၊  သီးနှံစိုက်ခင်းများနှင့် တောင်ကြီးမြို့ရှိ စပျစ်ခြံများသို့ ခရီးသွား ဧည့်သည်ဝင်ရောက်မှု ရှိနေကြောင်းနှင့် တခြားနေရာများ၌ စိုက်ပျိုးရေး နည်းစနစ် အားနည်းချက်ကြောင့် ဒေသထွက်ကုန် သီးနှံများ၊ စိုက်ပျိုးရေး ထွက်ကုန်များဖြင့် ခရီးသွား ဧည့်သည်များကို ဆွဲဆောင်မှုပြုလုပ်နိုင်ရန် မဖြစ်နိုင်သေးကြောင်း သိရသည်။
-
''ခရီးသွားဥယျာဉ်ပြုလုပ်ဖို့  စီစဉ်နေပေမယ့်  ငွေကြေးအခက်အခဲတွေ ရှိနေတယ်။ နိုင်ငံတော်ရဲ့ အကူအညီလည်း  လိုအပ်နေသေးတယ်။ လက်ရှိကတော့ ဥယျာဉ်ခြံစိုက်ပျိုးသူတွေ အနေနဲ့ ခရီးသွားဥယျာဉ်ပြုလုပ်ဖို့ လိုအပ် ချက်တွေနဲ့   ကြိုတင်ပြင်ဆင်စရာ ရှိတာတွေ    လုပ်ဆောင်နေပါတယ်'' ဟု ဥယျာဉ်ခြံသီးနှံ စိုက်ပျိုးနေသူ ဦးခင်လှအောင် ကပြောသည်။
-
နိုင်ငံခြားခရီးသွား ဧည့်သည်များ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ရာတွင် သီးနှံစိုက်ပျိုးရေး ဥယျာဉ်ခြံများနှင့် သဘာဝအတိုင်း ရှိနေသည့် တိရစ္ဆာန်များကို လေ့လာနိုင်ရေး အတွက် ခရီးသွားဥယျာဉ်များ ပြုလုပ်ရန်   စိတ်ဝင်စားလာကြခြင်း ဖြစ်ကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ 

No comments:

Post a Comment