Pages

Thursday, December 27, 2018

ယာဉ်မရပ်ရနေရာများတွင် ခရီးသည်တင်ဆောင်နေသော မော်တော်ယာဉ်များအား ဖယ်ရှား ရှင်းလင်းပေးစေလို

-
ဖျာပုံ ဒီဇင်ဘာ ၂၆ 
-
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့ အတွင်းရှိ လူစည်ကားရာနေရာများဖြစ်သောဖျာပုံတံတားကြီးခြေဆင်း ဗိုလ်ချုပ်ကြေးသွန်း ရုပ်တုထားရှိရာ တြိဂံချွန်းထိပ်ပတ်ပတ်လည် နှင့်မီးပွိုင့်အနီးဒုတိယလမ်းတစ်လျှောက် တွင် အချိန်ကြာမြင့်စွာ ဂိတ်ထိုးပြီး ခရီးသည် တင်ဆောင်ပြေးဆွဲနေသောယာဉ်များအားဖယ်ရှားရှင်းလင်းပေးနိုင်ရန် ဒေသခံ များက လိုလားလျက်ရှိကြောင်းသိရသည်။ 
-
အဆိုပါ ခရီးသည်တင် ယာဉ်များကြောင့် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ခြင်း၊လူနေအိမ်များ ဈေးဆိုင်များရှေ့တွင် ပိတ်ဆို့မှုဖြစ် ပေါ်၍ ပြည်သူများ ခရီးသွားလာရာတွင် အခက်အခဲများဖြစ်ပေါ်ပြီး ယာဉ်မတော်တဆထိခိုက်မှုများကြောင့် ထိခိုက်ဒဏ်ရာ ရမှုများအပြင် စက်ဘီး၊ ဆိုက်ကား၊ ဆိုင်ကယ်၊ ထော်လာဂျီများ၊ ကိုယ်ပိုင်ကားများ ယာဉ်တိုက်မှုများ ဖြစ်ပေါ်နေသည်။ 
-
''မော်တော်ယာဉ်တွေက  မိမိတို့ဂိတ်ပိုင် နေရာတွေမှာ ဂိတ်ထိုးမပြေးဆွဲဘဲ တြိဂံချွန်း ထိပ်ပတ်ပတ်လည် လမ်းဘေးဝဲယာ တွေမှာ ယာဉ်ရပ်နားပြီး  ခရီးသည်တွေကို အပြိုင် အဆိုင်ခေါ်ယူပြီး  ပြေးဆွဲနေတာအချိန်ကာလတစ်နှစ်ခန့်ရှိနေပါပြီ။ စည်းကမ်းမဲ့  ဂိတ်ထိုးပြီး ပြေးဆွဲနေတဲ့ ခရီးသည်တင် မော်တော်ယာဉ်တွေကို သက်ဆိုင်ရာတာဝန် ရှိသူတွေက အချိန်နဲ့ တစ်ပြေးညီ လာရောက်အရေးယူဆောင်ရွက်ပေးသင့်နေပါပြီ''ဟု အမှတ်(၃) ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။ 
-
ထိုကဲ့သို့ တြိဂံချွန်းထိပ်တွင် ယာဉ်များ ဂိတ်ထိုးပြီး ပြေးဆွဲမှုကို အကြောင်းပြု၍ ဗိုလ်ချုပ်လမ်းနှင့် ဒုတိယလမ်းထောင့် မီးပွိုင့် အနီးမှစတင်ပြီး ဒုတိယလမ်းနှင့် ကွန်ကရစ်လမ်းခင်းထားရာမဟာဗန္ဓုလလမ်းများတစ်လျှောက်ရှိ လမ်းဘေးဝဲယာများတွင်လည်း ပင်လယ်ပိုင်းဒေသကျေးရွာများသို့ ပြေးဆွဲနေသော ခရီးသည်တင် မော်တော်ယာဉ်များ  လာရောက် ဂိတ်ထိုး၍ ကုန်တင်၊ ကုန်ချပြုလုပ်ခြင်း၊  ခရီးသည်စောင့်ဆိုင်းခေါ်ယူပြေးဆွဲခြင်းများ    ပြုလုပ်နေသည်မှာ လည်း အချိန်ကာလ အတန်ကြာနေပြီဖြစ်သည်။  
-
ယခုအခါ ခရီးသည်တင် မော်တော်ယာဉ်များကို သက်ဆိုင်ရာ တာဝန်ရှိဌာန ဆိုင်ရာများ၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ ပူးပေါင်း၍  သတ်မှတ်ပေးထားသည့် စည်းမျဉ်းစည်းကမ်း၊နည်းဥပဒေများအတိုင်း အမြန်ဆုံးဖယ်ရှားရှင်းလင်း ပေးရန်  ဒေသခံ ပြည်သူများကလိုလားလျက်ရှိကြောင်းသိရသည်။                
-
ချမ်းသာ
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment