Pages

Thursday, December 27, 2018

ရန်ကုန် ကွန်ဒို တိုက်ခန်းဈေးနှုန်းများ၂ဝ၁၄ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၂ဝ ရာခိုင်နှုန်းခန့်ကျဆင်း

ရန်ကုန် ကွန်ဒို တိုက်ခန်းဈေးနှုန်းများ၂ဝ၁၄ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၂ဝ ရာခိုင်နှုန်းခန့်ကျဆင်း
-
ရန်ကုန် ဒီဇင်ဘာ ၂၆ 
-
ရန်ကုန်အိမ်ခြံမြေ ဈေးကွက် အတွင်းရှိကွန်ဒို၊ တိုက်ခန်း ဈေးနှုန်းများသည် ၂ဝ၁၄ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂ဝ ရာခိုင်နှုန်းခန့် ကျဆင်းလာကြောင်း ရန်ကုန်အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းများမှ သိရသည်။ ရန်ကုန်အိမ်ခြံမြေ ဈေးကွက်အတွင်း ကွန်ဒို၊ တိုက်ခန်းများကို စက်တင်ဘာလ နောက်ပိုင်းမှစ၍ ဝယ်လိုအား အနည်းငယ် ပြန်ရှိလာပြီး ဈေးကွက်ပြန်လည် ကောင်းမွန်လာသော်လည်း ဈေးနှုန်း ကျဆင်းနေကြောင်း၊ ယခင်က ငွေကျပ်သိန်း ၅ဝဝ ခန့်တန်ဖိုးရှိ တိုက်ခန်းများသည် လက်ရှိတွင် ငွေကျပ်သိန်း ၃ဝဝ ဝန်းကျင်သာ ရှိတော့ကြောင်း သိရသည်။ 
-
''အရောင်းအဝယ် ပြန်ကောင်းလာတယ် ဆိုပေမယ့် အနိမ့်ဆုံး ဈေးနှုန်းနဲ့ ပဲရောင်းချ နေရတာ ပါ။ ထပ်ပြီး တည်ဆောက်ဖို့ဆိုတာကလည်း ပထမ ရင်းနှီးမြှုပ်နှံထားတဲ့ တိုက်ခန်းတွေ အရောင်းမထွက်သေးတော့ အရင်းတောင်ပြန်မရသေးတဲ့ အခြေအနေတွေ ရှိနေပါတယ်။ အခု ဝယ်ယူနေသူတွေထဲမှာ ရင်းနှီးမြှုပ်နှံဖို့ ဝယ်ယူနေသူလည်း ပါတယ်။ အရစ်ကျစနစ်က ဒီနှစ်ထဲမှာ တွင်ကျယ်လာတော့ အရစ်ကျစနစ်နဲ့ ရောင်းချရတာတွေလည်း ရှိလာပါတယ်'' ဟု မဏ္ဍိုင် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း မန်နေးဂျင်း ဒါရိုက်တာ ဦးသန်းဦး ကပြောသည်။ 
-
ရန်ကုန်မြို့အတွင်း ကွန်ဒို၊ တိုက်ခန်း ဝယ်ယူမှုများတွင် တန်ဖိုးသင့် တိုက်ခန်းများကိုသာ ဝယ်ယူသူများလာပြီး ယင်းတို့ကိုလည်း အရစ်ကျ နှစ်ရှည်ငွေ ပေးချေမှုစနစ်ဖြင့် ရောင်းချနေရ သည့်အပြင် လက်ရှိအိမ်ခြံမြေ ဈေးကွက်အတွင်း လျှော့ဈေးဖြင့်ရောင်းချသည့် အိမ်ခြံမြေများ ကိုသာ လိုက်လံဝယ်ယူသူများလည်းရှိကြောင်း၊ ၂ဝ၁၉ ခုနှစ်အတွင်း အိမ်ခြံမြေ ဈေးကွက်၌ အဓိကအားဖြင့် စီမံကိန်း ပတ်ဝန်းကျင် နေရာများရှိတိုက်ခန်းများ ရောင်းအား ကောင်းမွန်လာ မည်ဟု ခန့်မှန်းထားကြောင်း၊ ကွန်ဒို၊ တိုက်ခန်းများကို နေထိုင်ရန်ထက် ရင်းနှီးမြှုပ်နှံရန် ဝယ်ယူမှုများကြောင့် အရောင်းအဝယ် ကောင်းမွန်လာပါက ဈေးနှုန်းပြန်လည် မြင့်တက်လာ မည်ဖြစ်ပြီး လက်ရှိတွင် အရောင်းအဝယ်ထက် အငှားဈေးကွက် ပိုမိုကောင်းမွန်နေကြောင်း သိရသည်။ 
-
စိုးမိုး
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment