Pages

Wednesday, December 5, 2018

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ မိတ်ဖက် အဖွဲ့အစည်းများ တွေ့ဆုံ ဆွေးနွေး

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ မိတ်ဖက် အဖွဲ့အစည်းများ တွေ့ဆုံ ဆွေးနွေး
-
နေပြည်တော်  ဒီဇင်ဘာ  ၎
-
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊မိတ်ဖက် အဖွဲ့အစည်းများ တွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင်နေပြည်တော် ရုံးအမှတ် (၂၃) အစည်းအဝေး ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ ညှိနှိုင်းဆွေးနွေး အမှာစကား ပြောကြားသည်။
-
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက   ယခုအစိုးရ တာဝန်ယူချိန်မှ စတင်၍ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီများဖြင့်စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ပြီး အကြံပြုချက်များကို ရယူခဲ့ကြောင်း၊ ဤအချက်များသည်အစိုးရသစ်၏ ရခိုင်ပြည်နယ်တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေး ရရှိရန် ပြင်းပြသော ဆန္ဒအမှန်ကို ဖော်ပြနေကြောင်း၊ ကော်မတီ၏ အကြံပြုချက်များကိုလည်းအကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိကြောင်း၊ တစ်ချိန်တည်းမှာပင် ကဏ္ဍစုံ လုပ်ငန်းစဉ်များတွင် နိုင်ငံတော် အစိုးရ၊ ပြည်သူများ၊ ပုဂ္ဂလိက၊ ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းပါဝင်ပြီး   ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရခိုင်ပြည်နယ်အတွင်း   လူသားချင်း စာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာ ချထားရေး ဖွံ့ဖြိုးရေး စီမံကိန်း(UEHRD) ကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း။
-
အကြံပြုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတကာနှင့် ပြည်တွင်းပညာရှင်များ ပါဝင်၍ အကောင်းဆုံး ဆောင်ရွက်နေသည့် အတွက် တိုးတက်မှုများ ရှိကြောင်း၊လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ထိရောက်စွာ ဆောင်ရွက်ရန်နှင့် တရားဥပဒေ စိုးမိုးရေးတို့အတွက်  အကောင်အထည်ဖော် ဆောင်ရွက်နေသည့် သက်ဆိုင်ရာ ဝန်ထမ်းများအားအသိပေးခြင်း၊ အရေးယူခြင်းများကိုလည်း ဆောင်ရွက်လျက် ရှိကြောင်း၊ အခြေခံ အကြောင်းအရာများ ဖြစ်သည့် နိုင်ငံသားဖြစ်ခွင့်နှင့်  လွတ်လပ်စွာလှုပ်ရှား သွားလာခွင့်တို့ကိုနိုင်ငံတော်၏တည်ဆဲဥပဒေများနှင့်အညီ ခွဲခြားဆက်ဆံမှုမရှိဘဲ ဆောင်ရွက်လျက်ရှိကြောင်း၊ အချုပ်အခြာအာဏာပိုင် နိုင်ငံတိုင်းတွင် ထုတ်ပြန်ထားသော ဥပဒေများ၊ နည်းဥပဒေများကို လေးစားလိုက်နာ ကျင့်သုံးရန်လိုအပ်ကြောင်း၊  ရခိုင်ပြည်နယ်တွင်  လက်ရှိအချိန်ထိ NVC ကတ်များအား စုစုပေါင်း လူဦးရေ ၁၃၂၁၅ ဦး ထုတ်ပေးပြီး ၎င်းတို့အနက် နိုင်ငံသား ၂၇၅ ဦး၊ ပြုနိုင်ငံသား ၄၄၁ ဦးနှင့် ၎င်းတို့၏ကလေးများ၅၇၆ ဦးအား ပြုနိုင်ငံသားအဖြစ် တည်ဆဲဥပဒေနှင့် အညီ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း၊ နေရပ်စွန့်ခွာသူများ အနေဖြင့် ၎င်းတို့၏ အနာဂတ်အတွက် National Verification Process မှတစ်ဆင့်ဆောင်ရွက်နိုင်ရေး  တိုက်တွန်းလိုကြောင်း၊ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်မှာလည်း အထောက်အထား တစ်ခုခု ပါရှိပါကသွားလာနိုင်ကြောင်း၊ လူ့အသိုင်းအဝိုင်း နှစ်ခုအကြား လူမှုသဟဇာတမျှတရေးအတွက်လည်း စကားဝိုင်း ဆွေးနွေးမှုများ၊   အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေး စင်တာများမှတစ်ဆင့် ဆောင်ရွက်နေကြောင်း။
-
ရှိရင်းစွဲ IDP စခန်းများ စနစ်တကျ ပိတ်သိမ်းနိုင်ရေး၊ နိုင်ငံတကာ စံနှုန်းများနှင့် အညီ ဆောင်ရွက်ရေးအတွက် အမျိုးသားအဆင့် မဟာဗျူဟာ ချမှတ်ဆောင်ရွက်နိုင်ရေးကိုလည်း ကုလသမဂ္ဂအဖွဲ့အစည်း၊ ကျွမ်းကျင်ပုဂ္ဂိုလ်များဖြင့် ဆွေးနွေး၍ ဆောင်ရွက်လျက် ရှိကြောင်း၊ ပညာရေး၊ ကျန်းမာရေး ဝန်ဆောင်မှုများနှင့် ပတ်သက်၍လည်း ခွဲခြားဆက်ဆံမှု မရှိရေး၊ မည်သူတစ်ဦးတစ်ယောက်မျှမကျန်ရှိစေရေး မူဝါဒထားရှိ ဆောင်ရွက်နေကြောင်း၊   လူသားချင်း စာနာထောက်ထားမှု အကူအညီများကိုလည်း ခွဲခြားမှုမရှိဘဲ ဆောင်ရွက်နိုင်ရန် Red Cross Movement (RCM)ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ WFP စသည့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး အတွက် ကုလသမဂ္ဂနှင့်   နိုင်ငံတကာအဖွဲ့အစည်းများအပြင်   အာဆီယံ အတွင်းရေးမှူးချုပ်ရုံးနှင့် ASEAN Coordinating Centre for Humanitarian Assistance on Disaster Management- AHA Centre တို့မှ ပူးပေါင်းပါဝင်ရန်အတွက် စတင်ဆောင်ရွက်နေကြောင်း။
-
လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း   ကျောက်ဖြူအထူး စီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း စီမံကိန်းများကို ဆောင်ရွက်ရန်ရှိပြီး   အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးနိုင်ရေး၊ Cash forWork Program များ ဆောင်ရွက်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်နေကြောင်း၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ် အေးချမ်းရေးတို့ အတွက် စေတနာအမှန် ရှိသူမည်သူနှင့်မဆိုပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ရှင်း လင်းပြောကြားသည်။
-
ထို့နောက် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ သံရုံးများဘက်မှ United Nations Resident and Humanitarian Coordinator Mr. Knut Ostby က ဦးဆောင် ဆွေးနွေးရာတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏  အကြံပြုချက်များမှာ  မူဝါဒလမ်းညွှန်အဖြစ် တည်ရှိနေကြောင်း၊  မြန်မာအစိုးရ၏ ဆောင်ရွက်မှုများကို အသိအမှတ် ပြုကြောင်း၊ အကြံပြုချက်များအကောင်အထည်ဖော်ရာတွင် နိုင်ငံတကာ အဖွဲ့အစည်းများမှ ပူးပေါင်း ဆောင်ရွက်လိုကြောင်း၊ ထိုသို့ ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းစီမံချက်အား ရေးဆွဲဆောင်ရွက်နိုင်မည် ဆိုပါကလက်တွေ့ကျသည့် ပူးပေါင်း ဆောင်ရွက်မှုများ   ပေါ်ထွန်းလာနိုင်မည်ဖြစ်ကြောင်း၊ ဤကဲ့သို့  ညှိနှိုင်းအစည်းအဝေးကိုလည်း   ဆက်လက်ပြုလုပ်စေလိုကြောင်း၊ ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းစီမံချက်များမှာ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော   ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (၂ဝ၁၈-၂ဝ၃ဝ)နှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ကြောင်း။
-
လုံခြုံရေး၊ နိုင်ငံသားဖြစ်မှု၊ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်၊ IDP  စခန်းများ ပိတ်သိမ်းရေးနှင့်လူမှုသဟဇာတ  မျှတရေးတို့မှာ အလွန်အရေးပါသည့် ကိစ္စရပ်များဖြစ်ပြီး အောက်ခြေအဆင့်ထိပြောင်းလဲမှုများ ရှိစေရေး ဆောင်ရွက်နေမှုများကို သိရှိရကြောင်း၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ရာတွင် ကြက်ခြေနီလှုပ်ရှားမှု၊ အာဆီယံနိုင်ငံများနှင့်  AHA Centreတို့ပူးပေါင်း ပါဝင်မှုများကို ကြိုဆိုကြောင်း၊     နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့် မြန်မာနိုင်ငံအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ဆွေးနွေးသည်။
-
ထို့နောက်    တက်ရောက်လာကြသော သံအမတ်ကြီးများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ ဌာနေ ကိုယ်စားလှယ်များ၊ မိတ်ဖက်အဖွဲ့အစည်းများက  အသီးသီး အကြံပြု ဆွေးနွေးခဲ့ကြပြီးဒုတိယဝန်ကြီးများ၊   ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီဝင် ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များက ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။
-
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် စကားပြောကြားရာတွင် ယခုလိုအချိန်ပေး တက်ရောက်သည့် အတွက် ကျေးဇူးတင်ရှိကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်း အနေဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေးတွင် ဝိုင်းဝန်းကူညီ ဆောင်ရွက်လိုသည့် ဆန္ဒရှိကြသည့် အတွက် ဝမ်းမြောက်မိကြောင်း၊ ယနေ့ ဆွေးနွေးခဲ့သည့် အချက်များကို မှတ်တမ်းတင်ပြီးအပြုသဘောဖြင့် ဆွေးနွေးချက်များကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊အချုပ်အခြာအာဏာပိုင် နိုင်ငံတိုင်းတွင် နိုင်ငံတော်၏ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ရှိကြောင်း။
-
ကော်မတီအနေဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များကို တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လူမှုသဟဇာတ ဖြစ်ရေး၊ ရေရှည်ပဋိပက္ခ ကင်းဝေးရေးတို့ကို ထည့်သွင်းစဉ်းစား ဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ ပေါ်ထွက်လာစေရန် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင် (ကိုဖီအာနန်ကော်မရှင်)ကို အစိုးရက ဖွဲ့စည်း အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်ရာ ထိုအကြံပြုချက်များကို အလေးထားကြောင်း၊ အကြံပြုချက်ဆိုသည်မှာ အကြံပြုချက်သာဖြစ်၍မြေပြင် အခြေအနေအရ လက်တွေ့အကောင်အထည် ဖော်ရန်ဖြစ်နိုင်သမျှ ဆောင်ရွက် လျက် ရှိကြောင်း၊ ဆက်လက်ပြီး ပြောင်းလဲမှု အမှန်ရရှိအောင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment