Pages

Wednesday, December 5, 2018

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပညာရေး ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အခြေခံပညာကဏ္ဍ)သို့ တက်ရောက် အမှာစကား ပြောကြား

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပညာရေး ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အခြေခံပညာကဏ္ဍ)သို့ တက်ရောက် အမှာစကား ပြောကြား
-
နေပြည်တော်  ဒီဇင်ဘာ  ၎
-
ပညာရေးဝန်ကြီးဌာနက ကျင်းပသည့် ပညာရေး ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးနှီးနှောဖလှယ်ပွဲ (အခြေခံပညာကဏ္ဍ)ကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2)၌ ကျင်းပရာ     နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကား ပြောကြားသည်။
-
နှီးနှောဖလှယ်ပွဲသို့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ  ဆရာတော်များ ကြွရောက်တော်မူကြပြီး ပြည်ထောင်စုဝန်ကြီးများ၊   ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊  လွှတ်တော်ရေးရာ ကော်မတီ ဥက္ကဋ္ဌများ၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူမှုရေးဝန်ကြီးများ၊  အမျိုးသား ပညာရေး မူဝါဒကော်မရှင်၊ အမျိုးသား သင်ရိုးညွှန်းတမ်း ကော်မတီ၊  အမျိုးသား ပညာရေးအဆင့်အတန်းနှင့် အရည်အသွေး အာမခံမှု အကဲဖြတ်ရေး ကော်မတီတို့မှ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပါမောက္ခချုပ်များ၊ ပညာရေးကောလိပ်များမှ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်နှင့်မြို့နယ်များမှ ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ တပ်မတော်ကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကိုယ်စားလှယ်များ၊ ဖွံ့ဖြိုးရေး မိတ်ဖက် အဖွဲ့အစည်းများ၊  မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ၊ ဆရာမအသင်းအဖွဲ့၊ ကျောင်းသားအသင်း အဖွဲ့နှင့်    မိတ်ဖက်စာကြည့်တိုက်များမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
-
နှီးနှောဖလှယ်ပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမှာစကားပြောကြားရာ၌ နိုင်ငံတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှု၊ တည်ငြိမ်မှု ဆိုသည်မှာ လူသားအရင်းအမြစ်( Human Resource)နှင့် ဘယ်လောက်ထိ နိုင်ငံ့အကျိုးအတွက် ဆောင်ရွက်နိုင်စွမ်း ရှိသည့်အပေါ်မှာ မူတည်ကြောင်း၊လူသားအရင်းအမြစ်များ တန်ဖိုးတက်လာရန် ''အရည်အသွေးရှိသော ပညာရေး'' ကိုခိုင်မာအောင် မိမိတို့ တည်ဆောက်ကြရမည်ဖြစ်ပြီး ယခုလိုအရည်အသွေး ရှိသည့် ပညာရေးကို တည်ဆောက်နိုင်ရန် များစွာရင်းနှီးမြှုပ်နှံရန် လိုကြောင်း၊ ၂ဝ၁၅ ခုနှစ် အမျိုးသားပညာရေး ဥပဒေတွင် ''နိုင်ငံတော်၏ ပညာရေး အသုံးစရိတ်ကို နိုင်ငံတော် အသုံးစရိတ် အားလုံး၏ ၂ဝ ရာခိုင်နှုန်းအထိ ရောက်ရှိရေး အတွက် ရည်မှန်းချက်ထားပြီး ဆောင်ရွက်ရမည်''ဟု အတိအလင်း ဖော်ပြထားပြီး နိုင်ငံတော်အနေဖြင့် နှစ်စဉ်ပညာရေး အသုံးစရိတ်များ ပိုမိုတိုးမြှင့်သုံးစွဲနိုင်အောင် ကြိုးစားဆောင်ရွက်လျက် ရှိကြောင်း။
-
ပညာရေးသည် ဆင်းရဲမှုကိုလျှော့ချ၍  သာတူညီမျှရှိစေခြင်း၊ မိသားစုဝင်ငွေ မြင့်မားလာစေခြင်း၊ တစ်ဦးချင်းစီနှင့် မိသားစုကျန်းမာရေး မြှင့်တင်ပေးနိုင်ခြင်း၊ ငြိမ်းချမ်းရေးကိုရေရှည်တည်တံ့ ခိုင်မြဲစေခြင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေခြင်း၊ အမျိုးသား စည်းလုံးညီညွတ်ရေးခိုင်မာစေခြင်း စသည့် များစွာသော အကျိုးများနှင့် သက်ဆိုင်ကြောင်း၊ ယခုကျင်းပသည့်နှီးနှောဖလှယ်ပွဲမှ   ဆွေးနွေးချက်များသည် နိုင်ငံ၏အနာဂတ်အတွက် ထိရောက်စွာ အကျိုးဆောင်နိုင်မည့် အခြေခံပညာကဏ္ဍ ပညာရေးစနစ် ပေါ်ပေါက်ခိုင်မာလာစေနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားသည်။
-
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ခန်းမအတွင်း ခင်းကျင်းပြသထားသည့် အဆင့်မြင့်ပညာ ဦးစီးဌာန(ဆရာအတတ်သင်) သင်ထောက်ကူပြခန်း၊ မြန်မာနိုင်ငံ စာစစ်ဦးစီး ဌာနပြခန်း၊ အခြေခံပညာ ဦးစီးဌာန ICT  ပြခန်း၊ တိုင်းရင်းသား ဘာသာစာပေ သင်ကြား၊ သင်ယူမှုပြခန်း၊ နေပြည်တော် ပညာရေးမှူးရုံး သိပ္ပံပစ္စည်း ကိရိယာပြခန်း၊ ဇီဝဗေဒ သင်ထောက်ကူပြခန်း၊ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံး သိပ္ပံပြခန်းနှင့် ရန်ကုန် တိုင်းဒေသကြီး ပညာရေးမှူးရုံး ဇီဝဗေဒ၊ ဓာတုဗေဒ သင်ထောက်ကူပြခန်း တို့ကို လှည့်လည်ကြည့်ရှု အားပေးကြောင်း သိရသည်။
-
(၅ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment