Pages

Monday, December 24, 2018

၂ဝ၁၉ ခုနှစ်အတွင်း နောက်ဖေးလမ်းကြားဥယျာဉ်လေးခု ထပ်မံအကောင်အထည်ဖော်ရန် ဆွေးနွေး

၂ဝ၁၉ ခုနှစ်အတွင်း နောက်ဖေးလမ်းကြားဥယျာဉ်လေးခု ထပ်မံအကောင်အထည်ဖော်ရန် ဆွေးနွေး
-
ရန်ကုန် ဒီဇင်ဘာ ၂၃ 
-
၂ဝ၁၉ ခုနှစ်တွင် ရန်ကုန်မြို့လယ်ရှိ Downtown ဧရိယာအတွင်း နောက်ဖေး လမ်းကြား ဥယျာဉ်လေးခု ထပ်မံဖော်ဆောင်နိုင်ရန် ဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။ 
-
ထိုသို့သော နောက်ဖေးလမ်းကြား ဥယျာဉ်ဖော်ဆောင်နိုင်ရန် ပြည်သူများ၏ စိတ်ဝင်တစား ပူးပေါင်း ပါဝင်မှုမှာ အရေးကြီးသကဲ့သို့ ရေရှည်ထိန်းသိမ်းမှု အပိုင်းလည်း အရေးပါသည့် အတွက် လိုအပ်သော ဆွေးနွေးမှုများကို မြို့နယ်၊ ရပ်ကွက်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ဆွေးနွေးမှု ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။ ''ဘယ်နေရာတွေမှာ လုပ်မယ်ဆိုတာတော့ လောလောဆယ် ဆွေးနွေးဆဲဖြစ်လို့ မပြောနိုင် သေးပါဘူး။ ကျောက်တံတားနဲ့ ပန်းဘဲတန်းမြို့နယ်ထဲမှာပဲ ထပ်လုပ်ဖြစ်ဖို့ များပါလိမ့်မယ်။ 
-
နောက်ဖေးလမ်းကြား ဥယျာဉ်လုပ်ဖို့ဆိုရင် အဲဒီရပ်ကွက်မှာနေတဲ့ ပြည်သူတွေအနေနဲ့ အဓိက ပူးပေါင်းပါဝင်ဖို့က အရေးကြီးပါတယ်။ အခုတောင်မှလုပ်ပြီးသား နောက်ဖေးလမ်းကြား ဥယျာဉ် တချို့မှာ အမှိုက်ပစ်ချလာတာတွေ တွေ့ရပါတယ်။ အဲဒီအတွက် နောက်ဖေး လမ်းကြား ဥယျာဉ် ရေရှည်တည်တံ့အောင် ကြပ်မတ်မှု အပိုင်းတွေ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒါ ကြောင့် နောက်ထပ်လုပ်မယ့် လုပ်ငန်းတွေလည်း ရေရှည်မှာ ထိန်းသိမ်းဖို့၊ စီမံခန့်ခွဲနိုင်ဖို့ ဆွေးနွေး ညှိနှိုင်းနေကြ ရတာဖြစ်ပါတယ်'' ဟု ၎င်းက ပြောသည်။ 
-
လက်ရှိတွင် ရန်ကုန်မြို့လယ် ဧရိယာ၌ နောက်ဖေးလမ်းကြား ဥယျာဉ်ပေါင်း ခြောက်ခု အကောင် အထည်ဖော်ခဲ့ပြီး ဖြစ်သကဲ့သို့ ဆက်လက် ဖော်ဆောင်နိုင်ရေးအတွက် ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများ၊ ဒို့အိမ်အဖွဲ့၊ ရပ်ကွက်မှ တာဝန်ရှိသူ များနှင့် ဒေသခံများ ပူးပေါင်းဆွေးနွေးကြခြင်း ဖြစ်ကြောင်း သိရသည်။ 
-
မကြာမီ ကျရောက်မည့် ပွဲလမ်းသဘင်များနှင့် ပျော်ပွဲရွှင်ပွဲများကို ယင်းနောက်ဖေး လမ်းကြား ဥယျာဉ်များ၌ ကျင်းပရန် စီစဉ်ထားပြီး ထပ်မံဖော်ဆောင်မည့် နောက်ဖေး လမ်းကြား ဥယျာဉ်များ၌ စာကြည့်တိုက်များကိုပါ ထည့်သွင်း လုပ်ဆောင်နိုင်ရန် ဆွေးနွေးလျက်ရှိကြောင်း သိရသည်။ 
-
ထက်ခိုင်(စမ်းချောင်း)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment