
-
ရန်ကုန် ဒီဇင်ဘာ ၁ဝ
-
ရန်ကုန်တက္ကသိုလ် (၉၈) နှစ်မြောက် ရာပြည့်အကြို သိပ္ပံပွဲခင်း ကျင်းပခြင်းဖြင့် ရန်ကုန်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ စာတွေ့လက်တွေ့ အကျိုးကျေးဇူးများစွာ ရရှိကြောင်းရန်ကုန်တက္ကသိုလ် တက္ကသိုလ်များ သိပ္ပံ သုတေသနဌာန ပါမောက္ခ ဌာနမှူး ဒေါက်တာရေချမ်းထံမှ သိရသည်။
-
အဆိုပါသိပ္ပံပွဲခင်းကို ရန်ကုန်တက္ကသိုလ်၌ ဒီဇင်ဘာ ၉ ရက်နှင့် ၁ဝ ရက်တို့တွင် ကျင်းပလျက်ရှိပြီး ယခုနှစ်သည် (၅) ကြိမ်မြောက် ကျင်းပခြင်းဖြစ်သည်။
-
''သိပ္ပံပွဲခင်းဆိုတာ ရန်ကုန်တက္ကသိုလ်မှာ ရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် အဓိကရည်ရွယ်ပြီး ပြုလုပ်တဲ့ပွဲဖြစ်ပါတယ်။သိပ္ပံပွဲခင်းမှာ တစ်နှစ်တစ်ခါ အားစိုက်ပြီး လုပ်ထားရတဲ့ သိပ္ပံပရောဂျက်တွေကို ပြသပြီး ပြိုင်ပွဲတွေ လုပ်တယ်။အဲဒီလိုလုပ်တဲ့အတွက် နှစ်စဉ်သိပ္ပံ ပွဲခင်းမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဘာတွေကြိုတင် လုပ်ရမလဲဆိုတဲ့ စိတ်ကူးရှိပြီး ပရောဂျက်တွေကို အုပ်စုလိုက်ဖန်တီးလာနိုင်မယ်။အဲဒီလို ဖန်တီးတဲ့အတွက် စာသင်ရုံ သက်သက်အပြင် လက်တွေ့ကနေ ပြန်လည်သင်ယူနိုင်တဲ့ အကျိုးကျေးဇူးတွေရ နိုင်ပါတယ်'' ဟု ဒေါက်တာရေချမ်း ကပြောသည်။
-
လာမည့်နှစ်များတွင်လည်း ပိုမိုကောင်းမွန်သည့် သိပ္ပံပရောဂျက်များနှင့် တီထွင်ဖန်တီးမှု များရှိလာစေရန် တချို့သော ကုန်ကျစရိတ်ကို ရလာသည့် ရန်ပုံငွေထဲမှ ပံ့ပိုးပေးမည်ဖြစ်ပြီး ပြိုင်ပွဲတွင် ဆုရရှိသူများကိုလည်း ဆုများချီးမြှင့် မည်ဖြစ်သည်။ ယခုနှစ်တွင် သုတေသနနှင့် နည်းပညာပြခန်းပေါင်း ၄၈ ခန်းပါဝင်ပြီး ကျောင်းသား၊ ကျောင်းသူများ၏ ပရောဂျက် အဖွဲ့ပေါင်း ၃ဝ ပါဝင်ကြောင်း သိရသည်။
-
ရန်ကုန်တက္ကသိုလ်၏ (၉၈) နှစ်မြောက် ရာပြည့်အကြိုသိပ္ပံ ပွဲခင်းတွင် ဆန်းသစ်သိပ္ပံ ပြပွဲပြိုင်ပွဲ၊ သိပ္ပံဆပ်ကပ်ပြပွဲ၊ နည်းပညာနှင့် သုတေသနပြခန်း၊ ဉာဏ်စမ်းပြိုင်ပွဲ၊ သုတေ သနလုပ်ငန်းသုံး သင်ကြားမှု သင်ထောက်ကူပစ္စည်း ဈေးရောင်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲတို့ ပါဝင်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment