Pages

Thursday, December 13, 2018

အိန္ဒိယသမ္မတနိုင်ငံ သမ္မတနှင့်ဇနီး အိန္ဒိယ-မြန်မာ အဆင့်မြင့် စိုက်ပျိုးရေး သုတေသနနှင့် ပညာရေးဗဟိုဌာန ဖွင့်ပွဲ အခမ်းအနားနှင့် အိန္ဒိယ-မြန်မာ စပါးဇီဝ ဥယျာဉ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

အိန္ဒိယသမ္မတနိုင်ငံ သမ္မတနှင့်ဇနီး အိန္ဒိယ-မြန်မာ အဆင့်မြင့် စိုက်ပျိုးရေး သုတေသနနှင့် ပညာရေးဗဟိုဌာန ဖွင့်ပွဲ အခမ်းအနားနှင့် အိန္ဒိယ-မြန်မာ စပါးဇီဝ ဥယျာဉ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်
-
နေပြည်တော် ဒီဇင်ဘာ ၁၂ 
-
မြန်မာနိုင်ငံ၌ တရားဝင်ချစ်ကြည်ရေး ခရီး ရောက်ရှိနေသော  အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီရမ်နက်သ် ကိုဗင့်ဒ်နှင့်ဇနီး ရှရီမတီ ဆာဗီးတာကိုဗင့်ဒ် တို့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေရှိ ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်သို့   ရောက်ရှိကြပြီး အိန္ဒိယ-မြန်မာ အဆင့်မြင့်စိုက်ပျိုးရေး သုတေသနနှင့် ပညာရေးဗဟိုဌာန ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။ အခမ်းအနားတွင် အိန္ဒိယသမ္မတနိုင်ငံ သမ္မတက အိန္ဒိယ-မြန်မာ အဆင့်မြင့်စိုက်ပျိုးရေး သုတေသနနှင့် ပညာရေးဗဟိုဌာန အထိမ်းအမှတ် ကမ္ပည်းမော်ကွန်းကို ဖွင့်လှစ်ပေးပြီး အိန္ဒိယသမ္မတနိုင်ငံ သမ္မတနှင့် ဇနီးနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူတို့က ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည် ပက်ဖျန်းပေးကြသည်။ 
-
ထို့နောက် အိန္ဒိယသမ္မတနိုင်ငံ သမ္မတနှင့် ဇနီးနှင့် အဖွဲ့သည် အိန္ဒိယ-မြန်မာ အဆင့်မြင့် စိုက်ပျိုးရေး သုတေသနနှင့် ပညာရေး ဗဟိုဌာနရှိ စာကြည့်ခန်း၊ ပဲနှင့်ပြောင်းကို အခြေခံသည့် တန်ဖိုးမြင့်ထုတ်ကုန်   ထုတ်လုပ်နေမှုနှင့် လက်တွေ့စာသင်ကြားနေမှု တို့ကို လှည့်လည်ကြည့်ရှုလေ့လာကြသည်။ ယင်းနောက်  အိန္ဒိယသမ္မတနိုင်ငံ သမ္မတသည် အိန္ဒိယ-မြန်မာ အဆင့်မြင့် စိုက်ပျိုးရေး သုတေသနနှင့် ပညာရေးဗဟိုဌာန ဧည့်သည်တော်မှတ်တမ်း၌ လက်မှတ်ရေးထိုးပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။ ထို့နောက် အိန္ဒိယ-မြန်မာ အဆင့်မြင့်စိုက်ပျိုးရေး သုတေသနနှင့် ပညာရေးဗဟိုဌာန အဆောက်အအုံရှေ့တွင် အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပေးသည်။ 
-
အိန္ဒိယ-မြန်မာ အဆင့်မြင့်စိုက်ပျိုးရေး သုတေသနနှင့် ပညာရေး ဗဟိုဌာနတွင် တောင်သူများအတွက် စိုက်ပျိုးရေး အဆင့်မြင့်နည်းပညာသစ်များ ရရှိစေရန် သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ မျိုးရိုးဗီဇဗေဒ ပညာဌာန၊  ရိတ်သိမ်းချိန်လွန် နည်းပညာဌာန၊ ဗဟုသုတစီမံ ခန့်ခွဲမှုဌာနနှင့် ဘွဲ့လွန်သင်တန်း ဌာနတို့ ဖွဲ့စည်းထားပြီး စိုက်ပျိုးရေး ဇီဝနည်းပညာ ဘာသာရပ်၊ ရိတ်သိမ်းချိန်လွန် နည်းပညာ ဘာသာရပ်၊ အစားအစာသိပ္ပံနှင့် နည်းပညာဘာသာရပ်၊   စိုက်ပျိုးရေးတိုးချဲ့ ပညာပေး ဘာသာရပ်များကို သင်ကြားပေးလျက်ရှိကြောင်း၊ အဆိုပါ ဘာသာရပ်များကို အိန္ဒိယနိုင်ငံ စိုက်ပျိုးရေး သုတေသန တက္ကသိုလ်မှ  ပညာရှင်များနှင့်  ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် မှ ဆရာ၊ ဆရာမများပူးပေါင်း၍ ပို့ချပေးလျက်ရှိကြောင်း သိရသည်။ ယင်းနောက် အိန္ဒိယသမ္မတနိုင်ငံ သမ္မတသည် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်အတွင်း အိန္ဒိယနိုင်ငံ အမ်၊ အက်(စ်)၊ ဆွာမိနာသန် သုတေသန ဖောင်ဒေးရှင်းနှင့်    စိုက်ပျိုးရေးသုတေသန ဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်သည့် အိန္ဒိယ-မြန်မာ စပါးဇီဝဥယျာဉ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးသည်။ 
-
အခမ်းအနားတွင် အိန္ဒိယသမ္မတနိုင်ငံ သမ္မတက အိန္ဒိယ-မြန်မာ စပါးဇီဝဥယျာဉ် အထိမ်းအမှတ် ကမ္ပည်းမော်ကွန်းကို ဖွင့်လှစ်ပေးပြီး အိန္ဒိယသမ္မတနိုင်ငံသမ္မတနှင့် ဇနီးနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူတို့က ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည် ပက်ဖျန်းပေးကြသည်။ ထို့နောက် အိန္ဒိယသမ္မတနိုင်ငံသမ္မတနှင့် ဇနီးနှင့်အဖွဲ့သည် စပါးဇီဝဥယျာဉ်အတွင်း စက္ကူပြုလုပ်နေမှု၊ ဆန်ကြိတ်၊ ဆန်ဖွပ်ခြင်း၊ စပါးမှထွက်ရှိသော ပစ္စည်းများနှင့်  ဆန်ဖြင့်ပြုလုပ်သော မုန့်အမျိုးမျိုးတို့ကို ကြည့်ရှုလေ့လာကြသည်။ 
-
ယင်းနောက်  အိန္ဒိယသမ္မတနိုင်ငံ သမ္မတသည် စပါးဇီဝဥယျာဉ် ဧည့်သည်တော် မှတ်တမ်း၌ လက်မှတ်ရေးထိုးပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။ အဆိုပါစပါးဇီဝ ဥယျာဉ်တွင် စပီရူလိုင်းနားထုတ်ကုန်များ၊ ဇီဝမြေသြဇာ၊ ဆန်ဖြင့်ပြုလုပ်သော မုန့်အမျိုးမျိုးနှင့် တာရှည်ခံဖွဲနုပြုလုပ်ခြင်း၊ ကောက်ရိုးအသုံးပြု၍ အာဟာရပြည့်နွားစာ ကိတ်ပြုလုပ်ခြင်း၊ ကောက်ရိုးအသုံးပြု၍ မှိုစိုက်ပျိုးခြင်း၊ စက္ကူပြုလုပ်ခြင်း၊ ဆန်ကြိတ်၊ ဆန်ဖွပ်ခြင်းနှင့် တီကျစ်စာမြေဆွေး ပြုလုပ်ခြင်းတို့ စမ်းသပ်ထုတ်လုပ်လျက် ရှိကြောင်း  သိရသည်။                     
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment