Pages

Thursday, December 27, 2018

မြန်မာ ယူ-၂၂ အသင်းနှင့် အိုမန် ယူ-၂၂ အသင်း ခြေစမ်းပွဲကစားမည်

မြန်မာ ယူ-၂၂ အသင်းနှင့် အိုမန် ယူ-၂၂ အသင်း ခြေစမ်းပွဲကစားမည်
-
ရန်ကုန်  ဒီဇင်ဘာ  ၂၆ 
-
အကြိမ်(၃ဝ)မြောက် ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ အသင်းသည် ဇန်နဝါရီ  ၇ ရက်တွင် အိုမန် ယူ-၂၂ အသင်းနှင့် ခြေစမ်း ပွဲယှဉ်ပြိုင် ကစားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာ ယူ-၂၂ အသင်းသည် ဇန်နဝါရီ ၁ဝ ရက်တွင် ကာတာ ယူ-၂၂အသင်းနှင့် ခြေစမ်းပွဲကစားရန် သဘောတူညီမှု ရထားပြီး ကာတာနိုင်ငံသို့ မသွားရောက်မီ  အိုမန်နိုင်ငံသို့ သွားရောက်ကာ  အိုမန် ယူ-၂၂ အသင်းနှင့် ယှဉ်ပြိုင် ကစားမည် ဖြစ်သည်။ 
-
အိုမန်ဘောလုံးအဖွဲ့ချုပ်သည် မြန်မာ ယူ-၂၂ အသင်းနှင့် ခြေစမ်းပွဲကစားရန် ဖိတ်ကြားခဲ့ရာ ကာတာယူ-၂၂ အသင်း နှင့်လည်း ကစားရန်ရှိနေသောကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က လက်ခံခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းကို ၂ဝ၁၉ ဆီးဂိမ်း ပြိုင်ပွဲအတွက် ရည်ရွယ်ဖွဲ့စည်းထားသော်လည်း ဖေဖော်ဝါရီလတွင် ယှဉ်ပြိုင်ရမည့်  အာဆီယံ ယူ-၂၂ ပြိုင်ပွဲနှင့် မတ်လတွင် ယှဉ်ပြိုင်ရမည့် အာရှ ယူ-၂၃ ခြေစစ်ပွဲအတွက် စတင်ပြင်ဆင် ရမည်ဖြစ်ပြီး ယင်းပြိုင်ပွဲနှစ်ခု မတိုင်မီ   အာရှအသင်းကြီးများဖြစ်သည့်  ကာတာ၊ အိုမန်အသင်းတို့နှင့် ကစားခွင့်ရသော ကြောင့် အတွေ့အကြုံကောင်းများရရှိမည် ဖြစ်သည်။ 
-
မြန်မာ ယူ-၂၂ အသင်းသည် အိုမန်နှင့် ကာတာခြေစမ်း ခရီးစဉ်အတွက် ဒီဇင်ဘာ ၂၈ရက်တွင်  စခန်းဝင် လေ့ကျင့်မှု စတင် ပြုလုပ်မည်ဖြစ်ပြီး ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ပြိုင်ပွဲတွင်  ဒုတိယရခဲ့သည့် အသင်းကို အခြေခံကာ ယှဉ်ပြိုင် မည်ဖြစ်သည်။  မြန်မာ ယူ-၂၂ အသင်းသည် မူလက ဒီဇင်ဘာ ၂၆ ရက်တွင် လေ့ကျင့်ရန်စီစဉ် ထားသော်လည်း နှစ်ရက် နောက်ဆုတ်ခဲ့ခြင်းဖြစ်သည်။ ယင်းအသင်းကို နည်းပြချုပ်အဖြစ် ဦးကြည်လွင်၊ လက်ထောက် နည်းပြများအဖြစ် ဦးချစ်နိုင်၊ ဦးကျော်လွင်၊ ဂိုးနည်းပြအဖြစ် ဦးမျိုးကျော်အောင်နှင့်ကြံ့ခိုင်ရေးနည်းပြအဖြစ် မားကပ်စ်(ဂျာမနီ)တို့က ကိုင်တွယ် မည်ဖြစ်သည်။ 
-
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် မြန်မာ ယူ-၂၂ အသင်း အောင်မြင်မှုရရန် အတွက် ပြင်ဆင်မှုများစွာ ပြုလုပ်မည်ဖြစ်ပြီး အဓိက နိုင်ငံတကာပြိုင်ပွဲများမယှဉ်ပြိုင်မီ နိုင်ငံတကာခြေစမ်းပွဲများယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment