Pages

Friday, December 28, 2018

(၁၉)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံ အကြိုညှိနှိုင်း ဆွေးနွေးပွဲ ကျင်းပ

(၁၉)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံ အကြိုညှိနှိုင်း ဆွေးနွေးပွဲ ကျင်းပ
-
နေပြည်တော်  ဒီဇင်ဘာ  ၂၇ 
-
(၁၉)ကြိမ်မြောက် မြန်မာ့ တိုင်းရင်းဆေး သမားတော်များ ညီလာခံ အကြိုညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂(MICC-2)၌ ကျင်းပသည်။ အစည်းအဝေးတွင် တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မိုးဆွေက သဘာပတိအဖြစ် ဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ်  မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း(ရန်ကုန်)မှ ဦးမြင့်သောင်းနှင့် မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာ အသင်း(စစ်ကိုင်း)မှ ဒေါက်တာနွယ်ဝင်း တို့က ဆောင်ရွက်ကြသည်။ 
-
ရှေးဦးစွာ သဘာပတိအဖြစ် တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးဆွေက ''ယခုနှစ်ညီလာခံကြီးမှာ အဆိုတင်သွင်း ထောက်ခံကြဖို့ ခေါင်းစဉ်လေးခုကို တင်ပြမှာဖြစ်ပါတယ်။ 
-
မြန်မာ့တိုင်းရင်း ဆေးဝါး ကဏ္ဍနဲ့  တိုင်းရင်းဆေးဝါးတွေရဲ့ အရည်အသွေး ပိုမိုတိုးတက် ကောင်းမွန်စေရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ရန်၊ လူ့စွမ်း အားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန် အတွက် အရည်အသွေးပြည့်ဝတဲ့ တိုင်းရင်းဆေးပညာ ရှင်တွေ ပိုမိုလေ့ကျင့်သင်ကြား မွေးထုတ်ပေးရန်၊ တိုင်းရင်းဆေးဖုံတွေနဲ့ ကုထုံးနည်း အသစ်တွေ ပေါ်ပေါက်စေရေးအတွက် တိုင်းရင်းဆေးသုတေသန လုပ်ငန်းတွေတိုးမြှင့်လုပ်ဆောင်ရန်နဲ့ ဆေးပညာဆိုင်ရာ ကျင့်ဝတ်တွေ လိုက်နာစေရန်နဲ့ သမားတု၊ သမားယောင်များ ပပျောက်ရေး ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ရန် အဆိုလေးခုကို တင်သွင်းဖို့ စီစဉ်ထားပါတယ်''ဟုညီလာခံတွင် တင်သွင်းမည့် ခေါင်းစဉ်များနှင့် ပတ်သက်၍ပြောသည်။ 
-
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသူများသည် အဆိုပြုချက်များအား အုပ်စုလိုက်ဆွေးနွေးကြပြီး အဆိုပြုချက် တင်သွင်းခြင်း၊ ထောက်ခံဆွေးနွေးခြင်းများ ဆောင်ရွက်ကြကြောင်းနှင့် (၁၉)ကြိမ်မြောက် မြန်မာ့တိုင်းရင်း ဆေးသမားတော်များ ညီလာခံကို ဒီဇင်ဘာ ၂၈ ရက်(ယနေ့)တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment