Pages

Wednesday, December 26, 2018

ဒေသ ဖွံ့ဖြိုးရေး ပိုမို အားကောင်းလာစေမည့် ရေတာရှည်- ကရင်ချောင်း စစ်တောင်းမြစ်ကူး တံတား တည်ဆောက် လျက် ရှိ

ဒေသ ဖွံ့ဖြိုးရေး ပိုမို အားကောင်းလာစေမည့် ရေတာရှည်- ကရင်ချောင်း စစ်တောင်းမြစ်ကူး တံတား တည်ဆောက် လျက် ရှိ
-
ရေတာရှည်  ဒီဇင်ဘာ  ၂၅
-
ပဲခူးတိုင်းဒေသကြီး  ရေတာရှည်မြို့နှင့် စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ဒေသများဖြစ်သော   ကရင်ချောင်း   ကရင်ပြည် နယ်  သံတောင်မြို့နယ် လိပ်သိုမြို့တို့ကိုဆက်သွယ် သွားလာနိုင်မည့် စစ်တောင်းမြစ်ကူးတံတား တစ်စင်းကို   တံတား ဦးစီးဌာန တည်ဆောက် ရေးအဖွဲ့(၂) တံတားအထူးအဖွဲ့(၆)က တာဝန်ယူ၍ ကရင်ချောင်းကျေးရွာနှင့် တောင်သာ ကျေးရွာအကြား  မိုင်တိုင်(၆/၁)၌ တည်ဆောက်လျက်ရှိကြောင်း သိရသည်။
-
အဆိုပါတံတားမှာ သံကူကွန်ကရစ်အမျိုး အစားဖြစ်ပြီး အရှည်ပေ ၈ဝဝ၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ၊ လူသွားလမ်း တစ်ဖက်လျှင် ၃ ပေစီပါဝင်မည်ဖြစ်ကာ ကုန်ကျငွေ မှာ တံတားအတွက်  ငွေကျပ်သန်း ၃၈၄ဝ၊  လမ်းအတွက် ငွေကျပ် ၁၈၅၁ သန်း ကုန်ကျမည်ဟု ခန့်မှန်း ထားသည်။
-
''ကျွန်တော်တို့ အထူးအဖွဲ့ တာဝန်ယူ စလုပ်တာက ၂ဝ၁၈ ခုနှစ် ၇ လပိုင်းကစတာ။ ဒီကြားထဲမှာ ရေကြီးရေလျှံမှုဖြစ်လို့ လုပ်ငန်း ရပ်နားထားရတာလည်းရှိတယ်။ အခုတော့ ရေလယ်တိုင်တွေစလုပ်နေပါပြီ။မြစ်လယ်ဘက်ကို သောင်ကျွန်း လုပ်ပြီးရင် ကွန်ကရစ် တိုင်ကြီးတွေ ဆက်စိုက်မယ်။ လမ်းပိုင်းကတော့ အရင်လမ်းဟောင်းဖြစ်တဲ့ ကရင်ချောင်း ဘက်ကလမ်းကို မသုံးတော့ပါဘူး။ တောင်သာရွာ တောင်ဘက်ကနေခရိုင်ချင်းဆက်လမ်းကိုဆက်တော့  လမ်းပိုင်းပိုနီး သွားပါတယ်'' ဟု တံတားတည်ဆောက်ရေးကို တာဝန်ယူ ဆောင်ရွက်နေသော အငယ်တန်းအင်ဂျင်နီယာ(၁)က ပြောသည်။
-
ယင်းတံတားကြီး ပြီးစီးသွားပါက ကရင် ပြည်နယ် သံတောင်မြို့နယ်မှ ဒေသထွက်ကုန်ပစ္စည်းများကို အချိန်တိုအတွင်း  မြို့ပြဒေသများသို့ တင်ပို့နိုင်သည့် အပြင် တောင်ပေါ် ဒေသနေ ပြည်သူများ၏  လိုအပ်သောကုန်ပစ္စည်းများကိုလည်း ကုန်ကျစရိတ် သက်သာစွာ  သယ်ဆောင်နိုင် မည်ဖြစ်ကြောင်း၊ ဒေသတွင်း ကျန်းမာရေး၊  စီးပွားရေးလုပ်ငန်းများအတွက်အဆင်ပြေ မည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment