
ရန်ကုန် နိုဝင်ဘာ ၇
-
လတ်တလောတွင် ပြည်ပသို့ရေကြောင်းမှ တင်ပို့ရန်ဝယ်လက်နည်းပါးခြင်း၊ မူဆယ် နယ်စပ် တင်ပို့မှု ရပ်ဆိုင်းထားခြင်းများကြောင့် ပြည်ပတင်ပို့သည့် ဆန်ဈေးနှုန်းများ ကျဆင်းလျက်ရှိရာ ဈေးနှုန်း ဆက်လက်ကျဆင်းပါက စပါးကြမ်းခင်းဈေးနှုန်း အောက်ကျဆင်းကာ တောင်သူများ အခက် အခဲဖြစ်လာနိုင်ကြောင်း မြန်မာနိုင်ငံ ဆန်ကုန်သည်များ အသင်း (ဘုရင့်နောင်ကုန် စည်ဒိုင်) အတွင်းရေးမှူး ဦးသန်းဦးထံမှ သိရသည်။
-
လက်ရှိတွင်၂၅ မှတ် ဆန်တစ်အိတ်လျှင် ငွေကျပ် ၁၈၅ဝဝ အထိ ဈေးနှုန်း ကျဆင်းလျက်ရှိရာ ငွေကျပ် ၁၈ဝဝဝ သို့ရောက်ရှိပါက စပါးဈေး ငွေကျပ် ငါးသိန်းအောက် ရောက်ရှိနိုင် မည်ဖြစ် ကြောင်း သိရသည်။
-
''အဲဒါဆိုရင် တောင်သူတွေ ပိုခက်ခဲလိမ့်မယ်။ ဈေးကွက်မှာလည်း ဝယ်သူကမရှိဘူး။ စပါးဈေး ကလည်း ပုံမှန်မဟုတ်တော့ ရောင်းလို့မရ၊ ဝယ်လို့မရ ဈေးနှုန်းတွေ ဖြစ်နေတယ်''ဟု ဦးသန်းဦး ကပြောသည်။
-
ထို့ပြင် စပါးဈေး တင်း ၁ဝဝ လျှင် ငွေကျပ် ငါးသိန်းဖြင့် ဝယ်ယူကာ ကြိတ်ခွဲရောင်းချပါက ဆန်ဈေးနှုန်း ကျဆင်းနေသည့်အတွက် အရှုံးပေါ်နိုင်ကြောင်း၊ လတ်တလောတွင် စပါးဈေး တင်း ၁ဝဝ လျှင် ငွေကျပ် ငါးသိန်းဝန်းကျင်အထိ ဈေးနှုန်းရှိနေကြောင်း သိရသည်။ စပါး ပေါ်ချိန်တွင် စပါးဈေး အဆမတန် ကျဆင်းမှုကြောင့် တောင်သူလယ်သမားများ နစ်နာဆုံးရှုံးမှု မရှိစေရန် ရည်ရွယ်၍ နိုင်ငံတော် အစိုးရ၏ လမ်းညွှန်မှုနှင့်အညီ ၂ဝ၁၈ ခုနှစ် အခြေခံ ဈေးနှုန်းကို ထုတ်ပြန် ကြေညာထားပြီး ဖြစ်ကြောင်း၊ ဈေးကွက်ပေါက်ဈေးသည် အခြေခံ ဈေးနှုန်း အောက်ဖြစ်ပါက အခြေခံ ဈေးနှုန်းဖြင့်ဝယ်ယူပေးရန် မြန်မာနိုင်ငံ ဆန်စပါး အသင်း ချုပ် အသင်းဝင် ဆန်စက်ပိုင်ရှင်များနှင့် ကုမ္ပဏီများထံ အကြောင်းကြားထားပြီး ဖြစ်ကြောင်း သိရသည်။
-
ထို့ပြင် တောင်သူ လယ်သမားများ အနေဖြင့်လည်း စပါးရောင်းချရာတွင် အခြေခံဈေးနှုန်း အောက် ရောင်းချခြင်း မပြုလုပ်ရန်၊ အခက်အခဲများရှိပါက အသင်းချုပ်သို့ ဆက်သွယ် အကြောင်းကြားရန်၊ ဆန်စက်ပိုင်ရှင်များနှင့် ကုမ္ပဏီများ အနေဖြင့်လည်း အသင်းချုပ်၏ ထုတ်ပြန် ကြေညာချက်များကို လိုက်နာဆောင်ရွက်ပေးရန် တိုက်တွန်းထားကြောင်း သိရ သည်။
-
နေနေ
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment