Pages

Thursday, November 29, 2018

ဒေသအသီးသီး၌ ပဲပုပ်စိုက်ပျိုးရန် ဧက ၁ဝဝဝဝ အတွက် မျိုးပေးအပ်ထား

-
ရန်ကုန်    နိုဝင်ဘာ   ၂၈ 
-
မြန်မာနိုင်ငံပဲပုပ် စိုက်ပျိုးထုတ်လုပ်သူ  အများပိုင်ကုမ္ပဏီမှ  ယခုနှစ်အတွင်း  ဒေသ အသီးသီး၌   ပဲပုပ်ဧက  ၁ဝဝဝဝ  စိုက်ပျိုး ရန်  ပဲပုပ်မျိုးများ ပေးအပ်ထားကြောင်း  ယင်းကုမ္ပဏီ Chief  Director ဦးဝင်းဇော်အေး ထံမှ သိရသည်။
-
ပဲပုပ်စိုက်ပျိုးမည့် ဧက ၁ဝဝဝဝ အတွက် မျိုးပေးအပ်ခြင်းအပြင်  ပဲပုပ်ထွက်ရှိချိန်တွင် ပိဿာချိန် ၂ဝ   လျှင်  ငွေကျပ် ၁၈ဝဝဝ ဖြင့် ပြန်လည်ဝယ်ယူရန်လည်း  စာချုပ်ချုပ်ဆိုထားခြင်းဖြစ်သည်။
-
''တစ်နိုင်ငံလုံး စာချုပ်ချုပ်နိုင်တဲ့ မျိုးအနေနဲ့ကတော့  ဒီနှစ်အတွက်   ဧက  ၁ဝဝဝဝ   စာလောက်ပဲပေးနိုင်သေးတယ်။အကုန်လုံးကို လိုက်မလုပ်နိုင်သေးဘူး။ပဲပုပ်မျိုးက  မတ်ပဲလိုမဟုတ်ဘူး။  နည်းပညာပါတယ်။တွေ့တဲ့မျိုးကို   စိုက်လို့မရဘူး။  သူ့ဒေသ ရာသီနဲ့ ကိုက်ညီတဲ့ မျိုးကိုပဲ ပေးရတာဖြစ်ပါတယ်'' ဟု ဦးဝင်းဇော်အေး ကပြောသည်။
-
ထို့ပြင် တောင်သူများဖြင့် ဖွဲ့စည်းကာ အများပိုင်ကုမ္ပဏီအဖြစ် စတင် လုပ်ဆောင်နေ သည့်အတွက်  လတ်တလောတွင် ရင်းနှီးမြှုပ်နှံမှုများ လိုအပ်နေသဖြင့် ဧက ၁ဝဝဝဝစာသာ ပေးနိုင်သေးခြင်းဖြစ်ကြောင်း သိရသည်။
-
လတ်တလောတွင် ပဲပုပ်ကို နေပြည်တော်၊  ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ (အနောက်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊  မကွေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊  မွန်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့၌   စိုက်ပျိုးလျက် ရှိကြောင်း  သိရသည်။
-
ပြည်တွင်း၌  ပဲပုပ်ကို   ပဲပြားအစို၊ ပဲနို့လုပ်ငန်း၊  ပဲပုပ်ဆီအဖြစ် ထုတ်လုပ်သည့်  ဆီစက်လုပ်ငန်း၊ပဲပုပ်မှ ဆီထုတ်ပြီးပါက  ကုန်ကြမ်းအဖြစ် ထွက်ရှိလာသည့် ပဲပုပ်ဖတ်ကို တိရစ္ဆာန်အစာအဖြစ် အသုံးပြုနေသောကြောင့်  နိုင်ငံတကာ ဈေးကွက်သို့ တင်ပို့ရန်  မလိုအပ်ကြောင်း၊ ပြည်ပနိုင်ငံများမှ တင်သွင်းလာသည့် ပဲပုပ်များကို   ကြက်မွေးမြူရေး လုပ်ငန်းများနှင့်   ဧရာဝတီတိုင်းဒေသကြီးရှိ   ငါးလုပ်ငန်းများတွင် အဓိက အသုံးပြုကြောင်း၊ ပြည်တွင်းလိုအပ်ချက် ပြည့်မီစေရန် တိုးချဲ့ စိုက်ပျိုးရာတွင်  ငါးနှစ်မှ  ၁ဝ နှစ်အထိ အချိန်ယူ၍ ကြိုးစားရမည်ဖြစ်ကြောင်းနှင့် လတ်တလောတွင်  ပြည်တွင်း၌  တန်ချိန် ခြောက်သောင်း ဝန်းကျင်သာ ထုတ်လုပ်နိုင်သေးကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment